သိန္နီမြို့စျေးရှေ့တွင် ပစ်ခတ်မှုဖြစ်ပွား၊ တပ်ဘက်မှ အကျအဆုံးရှိ

သိန္နီမြို့စျေးရှေ့တွင် ပစ်ခတ်မှုဖြစ်ပွား၊ တပ်ဘက်မှ အကျအဆုံးရှိ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့စျေးရှေ့၌ အောက်တိုဘာ ၉ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင်ပစ်ခတ်မှုများ ဖြစ်ပွားပြီး တပ်မတော်ဘက်မှ အထိအခိုက်အကျအဆုံးများရှိကာ အရပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေခဲ့သည်ဟု သိန္နီမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

“လောလောဆယ်ကတော့ မြို့ထဲပစ်တာတော့မရှိတော့ဘူး။ မနက်က TNLA အဖွဲ့ကနေ ဓါတ်တော် စေတီဘက်ကနေ ဆင်းလာပြီး တပ်မတော်ယာဉ်တန်းကို ပစ်တာပါ” ဟု စိုင်းဦးခမ်းက ဆိုသည်။

ပစ်ခတ်မှုဖြစ်စဉ်ကြောင့် တပ်မတော်ဘက်မှနှစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ အရပ်သားခုနှစ်ဦး အသေးစား ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဆေးရုံသို့ တင်ပို့ထားရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“အဝင်လမ်း အထွက်လမ်းကိုတော့ ခဏလေးပိတ်ထားတယ်။ ၃၈ မိုင် မန်ပိန်းဘက်ကို ဆုတ်သွားတဲ့ TNLA တွေနောက်ကို လိုက်ရှင်းနေတဲ့အချိန်ပေါ့နော်။ မြို့ထဲက အိမ်တွေကိုတော့ တံခါးဖွင့်ထားပေးပါ ဆိုပြီးကြေညာထားတယ်။ မစိုးရိမ်ပါနဲ့လို့ ပြောထားတယ်” ဟု စိုင်းဦးခမ်းကဆိုသည်။

အဆိုပါပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်မေးမြန်း သော်လည်း မသိရှိရသေးကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားလာနေခဲ့ခြင်းလည်း ဖြစ်သည်။ တိုက်ပွဲများသည် မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ဖြစ်ပွားခဲ့ပြီး အရပ်သားများ ထိခိုက် သေဆုံးမှုများလည်း ရှိနေခဲ့သည်။

အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များအကြား တွေ့ဆုံညှိနှိုင်းမှု များ ရှိနေခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့ ၊ စက်တင်ဘာ ၁၇ ရက်နေ့ တို့တွင် ကျိုင်းတုံ၌ နှစ်ကြိမ် တွေ့ဆုံ ခဲ့ကာ ယခုလ အောက်တိုဘာလအတွင်း၌လည်း ထပ်မံတွေ့ဆုံရန် သဘောတူညီချက် ရရှိထားသည်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...