ကရင်ပြည်နယ် ဖားအံမြို့ နယ်၊ ကော့ပရံရွာတွင် ယနေ့(မေ ၁၀ ရက်)တွင် ကျင်းပပြီးစီးသွားသည့် ၄၈ ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ ဒုံးအကပြိုင်ပွဲတွင် အိမ်ရှင်ကော့ပရံဒုံးအဖွဲ့မှ ဒုံးအက ပထမဆုရရှိသွားကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဒုံးအကအဖွဲ့ ၅၃ ဖွဲ့အနက် ကော့ပရံဒုံးမှ ပထမဆုရရှိသွားခြင်းဖြစ်ပြီး ဒုံးပြိုင်ပွဲ အုပ်စု (က) တွင် ကော့ပရံဒုံး၊ အုပ်စု(ခ)တွင် နောင်ကမြိုင် ဒုံးအဖွဲ့နှင့် စည်းကမ်းဆုကို ကော့ကျိုက် စသည့် ဖားအံမြို့နယ်ရှိ ကျေးရွာများမှ အသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။
ဒုံးအကဆုများပါမက ဘက်စုံယဉ်ကျေးမှုထူးချွန်ဆုပါ ရရှိသွားခြင်းနှင့်ပတ်သက်၍ အိမ်ရှင်ကော့ပရံရွာ ဒုံးအဖွဲ့မှ စောမိုင်ခေါင်းယိုင်က “အများကြီးပျော်လွန်းလို့ ပြောလို့တောင် မတတ်တော့ပါဘူး။ ဒီလောက် ဆုအများကြီး ရမယ်လို့တောင်မထင်ထားဘဲ ရသွားခဲ့လို့ပါ”ဟု ကေအိုင်စီသို့ပြောသည်။
ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းက ဦးဆောင် ပြုလုပ်သည့် အဆိုပါ သင်တန်းဆင်းပွဲကို မေ ၇ ရက်မှ ၉ ရက်နေ့ထိ ကရင်စာပေနှင့် ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ ပြိုင်ပွဲများကို အသီးသီးကျင်းပခဲ့ပြီး မေ ၁၀ ရက်နေ့တွင် သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးပွဲကို ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သင်တန်းဆင်းပွဲတွင် စာပေယဉ်ကျေးမှုနှင့် ပတ်သက်သည့် ကရင်စာပေထူးချွန်ဆု၊ ပန်းချီဆု၊ တေးသီချင်းဆုများ၊ ရိုးရာတူရိယာ အတီးဆု၊ ဒုံးအကဆု စသဖြင့် အသီးသီးဆုများ ချီးမြှင့်ခဲ့သလို ကရင် အနုပညာလောကအတွက် တေးရေး၊ တေးဆို၊ သရုပ်ဆောင် ထူးချွန်ဆုများကိုလည်း အသီးသီးပေးအပ်ခဲ့ သည်။
အဆိုပါ စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အတွင်း ရေးမှူး (၂) ပဒိုစောလှထွန်း၊ ကရင််သံဃာတော်များ၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ် အစိုးရ တာဝန်ရှိသူများ၊ ကရင်နီ(ကယား)ပြည်မှ ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် ကရင်တိုင်း ရင်းသား လူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ သင်တန်းသားများ၊ ဧည့်သည်တော်များအပါအဝင် စုစုပေါင်း ၅,၀၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
ယခုနှစ် သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်ရှိ ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ရေး၊ ပေါင်နှင့်ကရင်ပြည်နယ်ရှိ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ မြဝတီ၊ ကော့ကရိတ်မြို့နယ်များရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာပေါင်း ၆၅ ဖွဲ့မှ ဒုံးအက အပြင် အခြားယဉ်ကျေးမှု အနုပညာဆိုင်ရာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
၄၇ ကြိမ်မြောက် သင်တန်းဆင်းပွဲကို မွန်ပြည်နယ်၊ ကဆောင့်(ဆင်)ရွာ၌ ကျင်းပနိုင်ခဲ့ပြီး ကျင်းပခွင့် ရရန် အပြိုင်အဆိုင်တောင်းဆိုနေကြသည့့်နောက် လာမည့် ၄၉ ကြိမ်မြောက် သင်တန်းဆင်းပွဲကို ဖားအံမြို့နယ်ရှိ ရွာများကို ဖြတ်ကျော်ကာ ကရင်ပြည်နယ်၊ မြဝတီမြို့က ပြုလုပ်ကျင်းပခွင့် ရရှိသွားခဲ့သည်။







