မော်လမြိုင်ရှိ ဘေးတွဲဆိုင်ကယ်များကို အရေးယူမည်

မော်လမြိုင်ရှိ ဘေးတွဲဆိုင်ကယ်များကို အရေးယူမည်
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင်းခွင့်ပြုချက်မဲ့ နေ့စဉ်ပြေးဆွဲနေသည့် ဘေးတွဲပါဆိုင်ကယ်များကိုစက်တင်ဘာလ(၁)ရက်   နေ့မှစတင်ကာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းမွန်ပြည်နယ် ယာဉ်ထိန်းသိမ်းရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးမြင့်ဆွေက ဟင်္သာမီဒီယာသို့ပြောသည်။

ဇူလိုင်လ၂၆ရက်နေ့မှစတင်ကာ သြဂုတ်လအတွင်းက ဘေးတွဲဆိုင်ကယ်များကိုအရေးယူနိုင်ရေး ပြည်နယ်အစိုးရရုံးတွင် အစည်းအဝေးများပြုလုပ်ခဲ့ပြီး  ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေနှင့်အညီအရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဦးမြင့်ဆွေက ပြောသည်။

“ စက်တင်ဘာလ ၁ရက်နေ့ကစပြီး ဘေးတွဲဆိုင်ကယ်တွေ မြို့ထဲမောင်းနေတာတွေ့လို့ရှိရင် ဖမ်းမယ်၊ ပြီးရင် တရားရုံးတင်ပြီးအရေးယူမယ်” ဟု ဦးမြင့်ဆွေကပြောသည်။

၂ဝ၁၅ခုနှစ်မွန်ပြည်နယ်မော်တော်ယာဉ်များဥပဒေတွင် ဘေးတွဲဆိုင်ကယ်ထုတ်လုပ်သူကိုဒဏ်ငွေ သိန်း ၅ဝသတ်မှတ်ထား၍ ဆိုင်ကယ်များဘေးတွဲတပ်ဆင်ခြင်းကို တားမြစ်ထားပြီး သုံးဘီးယာဉ်များ မြို့တွင်းမောင်းနှင်ခွင့်မပေးထားသည့်အတွက် စည်းကမ်းမဲ့ပြေးဆွဲနေခြင်းကို အရေးယူနိုင်ကြောင်းအဆိုပါဥပဒေတွင် ဖော်ပြပါရှိသည်။

“ ဘေးတွဲဆိုင်ကယ်အတွက် သတ်မှတ်ထားတဲ့ ဒဏ်ဆောင်နိုင်ရင် ဆောင်၊မဆောင်နိုင်ရင် ထောင်ချဆိုတဲ့ပုံစံမျိုးတွေလုပ်သွားမယ်” ဟုဦးမြင့်ဆွေကပြောသည်။

ဘေးတွဲပါ ဆိုင်ကယ်တစ်စီး၌ သတ်မှတ်ထားသည့် ဆိုင်ကယ်လိုင်စင်ရှိပါက ဒဏ်ငွေငါးသောင်းကျခံစေမည်ဖြစ်ပြီး လိုင်စင်မရှိပါကဆိုင်ကယ်သိမ်းခြင်းနှင့် ပိုင်ရှင်ကိုအရေးယူခြင်းများဆောင်ရွက်ရန်  ပြည်နယ်အစိုးရမှ ညွှန်ကြားထားကြောင်းသိရသည်။

“ လုပ်ငန်းလိုင်စင်တင်ထားတာမရှိဘဲမောင်းနေတာတွေအပြင် ဘေးတွဲဆိုင်ကယ်တွေကမီးတွေမရှိတော့ ယာဉ်တိုက်မှုခဏခဏဖြစ်နေတာတွေ့ရတယ်” ဟု၎င်းကပြောသည်။

မြို့တွင်းပြေးဆွဲနေသည့် ဘေးတွဲဆိုင်ကယ်များအရေးယူခြင်းမဆောင်ရွက်မီ သြဂုတ်လကိုပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ဖမ်းဆီးအရေးယူမှုလျော့နည်းစေရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

Most read this week