အဆိုပါ ပစ္စည်းများခိုးယူလာသောဒေါ်ချိုုမာ (ခ) မဖုံခနှင့်၎င်း၏ခင်ပွန်းဖြစ်သူဦးစိုးမြင့်တို့အားဇူလိုင်လ၁၃ရက်နေ့ကဖမ်းဆီးခဲ့ကြောင်းချောင်းဆုံမြို့မရဲစခန်းမှသိရသည်။
ခိုးယူထားသည့် ပစ္စည်းများတွင် ရွှေသားနှစ်ကီလိုဂရမ် နှင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ ၊ စတာလင်ပေါင်၊ ထိုင်းဘတ်ငွေ၊ နိုင််ငံခြားငွေအမျိုးမျိုးပါဝင်ကြောင်းယင်းရဲစခန်းထံမှသိရှိရသည်။
အဆိုပါ ခိုးယူသူများကိုချောင်းဆုံမြို့နယ်၊ကညှော်ကျေးရွာ၊အမှတ်(၂)ရပ်ကွက်ရှိဒေါ်ချိုုမာ ၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
မချိုမာ (ခ) မဖုံခသည် ထိုင်းနိုင်ငံဆန်းထန်မြို့၊ အကွက်အမှတ် ၁၆၉ တွင် နေထိုင်သူ နန်းထောင်ဝရမ်စမ်းဟူရာ၏ နေအိမ်၌ သန့်ရှင်းရေးအလုပ် လုပ်ကိုင်ရာမှ အဆိုပါ ပစ္စည်းများကိုခိုးယူထွက်ပြေးလာကြောင်းချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင်ကပြောသည်။
စုံစမ်းသိရှိချက်များအရမချိုမာသည် ၎င်းခင်ပွန်းဖြစ်သူစိုးမြင့်နှင့် အတူထိုင်းနိုင်ငံမှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာသို့ ပြန်လည်ရောက်ရှိနေကြောင်းသိရှိရသဖြင့် ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင် နှင့် အဖွဲ့ က ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။
ထိုသို့ ၀င်ရောက်ရှာဖွေရာတွင် ရွှေထည်မျိုးစုံ ၁၉ မျိုး၊ အလေးချိန် ၂၄ ကျပ်သား၊ မြန်မာငွေစက္ကူမျိုးစုံငါးသိန်း၊ ထိုင်းဘတ်ငွေ ၂၀ ကျပ်တန် နှစ်ရွက်၊ မော်လမြိုင်မြို့ရွှေပန်းခိုင်ရွှေဆိုင် ရွှေဝယ်ဘောက်ချာ ၂၁ ရွက်၊ ရွှေရောင်းဝယ် ငွေလက်ငင်းဖြတ်ပိုင်းခုနစ်ရွက်တို့ကိုသိမ်းဆည်းရမိကြောင်းကညှော်ကျေးရွာရဲကင်းမှူး ရဲအုပ် ယဉ်ထွေးကပြောသည်။
ယင်းအမှုနှင့် ပတ်သတ်၍ ဒေါ်ချိုမာနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူစိုးမြင့်တို့အားချောင်းဆုံမြို့မရဲစခန်းမှ (ပ) ၁၆၂ /၂၀၁၆၊ ဥပဒေပုဒ်မ - ၃၈၀ / ၅၄ အရအမှုဖွင့်ထားကြောင်းယင်းရဲစခန်းထံမှသိရှိရသည်။
ယင်းအမှု နှင့်ပတ်သက်ပြီးလတ်တလောတွင် တရားစွဲနိုင်ရေးဆောင်ရွက်နေကြောင်းယင်းရဲစခန်းမှ သိရသည်။



