အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကာကွယ်ရေးဆိုင်ရာ ဥပဒေတွေကို စစ်ကော်မရှင်နဲ့ တော်လှန်ရေးအင်အားစုတွေ အပြိုင်အ ဆိုင် ပြဋ္ဌာန်းလာပါတယ်။
စစ်ကော်မရှင်က သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားအောင် တနည်းနည်းနဲ့ လုပ်ဆောင်သူတွေကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူမှု အယောက် ၁၀၀ ကျော်လာချိန်မှာ တော် လှန်ရေးအင်အားစုတွေကလည်း တန်ပြန်တဲ့ ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးက ပေးပို့လာတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တယ်လို့ CRPH က ဒီဇင်ဘာ ၅ ရက်နေ့မှာ အသိပေးကြေ ညာပါတယ်။
ရည်ရွယ်ချက်ကတော့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို အကောင်အထည်ဖော်ရေးနဲ့ အာဏာသိမ်း စစ်အုပ်စုက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဖြစ်မြောက်စေဖို့ လုပ်ဆောင်မှုတွေကို တားဆီးဖို့နဲ့ ပါဝင်ကူညီလုပ်ဆောင်သူတွေကို အရေးယူနိုင်ဖို့ပါ။
တစ်ဘက်မှာ ပြည်သူလူထုရဲ့ ဆန္ဒကို အကောင်အထည်ဖော်တဲ့အနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ ဆန္ဒဆိုတာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ကို ရယူထမ်းဆောင်စေလိုတဲ့ ဆန္ဒကို ဆိုလိုတာပါ။
ဘယ်သူမဆို အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရေး ကူညီတာ၊ ငွေကြေးထောက်ပံ့တာ ဒါမှမဟုတ် တနည်းနည်းနဲ့ အကူအညီပြုတာ လုပ်ဆောင်နေကြောင်း ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၆ လ ကနေ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ ၊ ကျပ်သိန်း ၅၀ အောက် မနိမ့်တဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြပါတယ်။
ဥပဒေအရ စစ်အုပ်စုက ဖွဲ့စည်းတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် တိုင်း ဒါမှမဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုအထိ ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကို အရေးယူဖို့ ပြဌာန်းထားတာပါ။
ဒါ့အပြင် စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲအသီးသီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်းတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုပါ အရေးယူမှာ ဖြစ်ပါတယ်။
ဒီအတွက် ခေါင်းဆောင်မှုအဆင့်၊ အလယ်အလတ်အဆင့်နဲ့ အောက်ခြေအဆင့် အပါအဝင် မသမာတဲ့ နည်းလမ်းနဲ့ အာဏာရယူဖို့ ကြိုးပမ်းသူ ဘယ်သူမဆို ပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ကာ ဖောက်ဖျက်ကျူးလွန်ရင် အဆင့်လိုက် ပြဋ္ဌာန်းထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်နိုင်ပါတယ်။
အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အနည်းဆုံးထောင်ဒဏ် ၅ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ကျပ်သိန်း ၅၀၀ အောက် မနိမ့်တဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုလည်း အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ကျပ်သိန်း ၅၀၀ အောက် မနိမ့်တဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တာပါ။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားအားလုံးအပေါ် အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိတွေ့ဆက်ဆံသူတွေနဲ့ အရပ်ဘက်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေဟာ ဒီဥပဒေအရ ပြစ်မှုပြစ်ဒဏ်တွေနဲ့ သက်ဆိုင်ခြင်း မရှိစေရဘူးလို့ ဆိုပါတယ်။
ဥပဒေအရ ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း မရှိစေရေး အများပြည်သူကို သင့်လျော်တဲ့ နည်းလမ်းနဲ့ အသိပေးဖို့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတာ ဖြစ်ပါတယ်။
လူထုရဲ့ ဆန္ဒကို ဆန့်ကျင်ရေး ဒါမှမဟုတ် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရေး လုပ်ဆောင်နေကြောင်း အထောက်အထားနဲ့တကွ ဆက်သွယ်အကြောင်းကြားလာရင် အဲဒီလူကို ဖမ်းဆီးနိုင်ရေး ဖမ်းဝရမ်းထုတ်ပေးတာ ရှာဖွေဝရမ်းထုတ်ပေးတာတို့ ပါဝင်ပါတယ်။
အဲဒီလို ဖမ်းဆီးတဲ့အခါမှာ NUG အစိုးရလက်အောက်ရှိ ကာကွယ်ရေးတပ်ဖွဲ့တွေ လုံခြုံရေးတပ်ဖွဲ့တွေ မဟာမိတ်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
အဲဒီကနေ ဖမ်းဆီးပြီးစီးကြောင်း ကော်မရှင်ရုံး ဒါမှမဟုတ် ကော်မရှင်ရုံးခွဲကို အကြောင်းကြားလာရင် တရားစွဲဆိုနိုင်ဖို့ ဆက်လက်ဆောင်ရွက်တဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ဥပဒေမှာ ထည့်သွင်းထားတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်ကို မကွေးတိုင်း ပခုက္ကူမြို့ရှိ သူ့ရဲ့ နေအိမ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကလည်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို ပြဋ္ဌာန်းထားတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေနဲ့ စတင် အရေးယူနိုင်ပြီလို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သံလွင်တိုင်းမ်ကို ဖြေကြားထားပါတယ်။







