ကော့ကရိတ်တွင် ကြိုတင်မဲပေးသည့် မဲရုံအချို့ကိုသာ စောင့်ကြည့်နိုင်၊ အားနည်းချက်အချို့ရှိ

ကော့ကရိတ်တွင် ကြိုတင်မဲပေးသည့် မဲရုံအချို့ကိုသာ စောင့်ကြည့်နိုင်၊ အားနည်းချက်အချို့ရှိ

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲအဖြစ် အသက် ၆၀နှင့်အထက် မဲဆန္ဒရှင်များကို စက်တင်ဘာလ ၂၉ရက် နေ့မှစ၍ တစ်ပတ်ကြာအတွင်း ကော့ကရိတ်မြို့နယ်တွင် မဲရုံအချို့ကိုသာ စောင့်ကြည့်နိုင်သည့်ကြားက အားနည်း ချက်အချို့ရှိနေသည်ဟု အရပ်ဖက်အဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။

ကော့ကရိတ်မြို့ပေါ် ရပ်ကွက်(၅)မဲရုံနှင့် ရန်ကုတ်ကျေးရွာရှိ မဲရုံတစ်ရုံကို ကြိုတင်မဲပေးနေမှုကို စောင့်ကြည့်နေ သည့် People’s Alliance for Credible Election(PACE) အဖွဲ့ကိုယ်စားလှယ်က ကျေးရွာမဲရုံတွင် အားနည်းချက် မရှိသော်လည်း မြို့ပေါ်ရပ်ကွက်မဲရုံတွင် မဲပြား အနည်းငယ် စည်းတံဆိပ်မပါခြင်းနှင့် သက်ကြီးမဲဆန္ဒရှင်အချို့ မဲပေးမှုကို နားမလည်သည်များရှိကြောင်း လေ့လာ တွေ့ရှိရသည်ဟု ပြောသည်။

PACE အဖွဲ့ကိုယ်စားလှယ် ကိုစိုးသိန်းက “ကျနော်စောင့်ကြည့်တဲ့ ရပ်ကွက်မှာတော့ ရပ်ကျေးကော်မရှင် ဥက္ကဌက ရုတ်တရက် လေထိထားပြီးတော့ ကြိုတင်မဲလက်မှတ်မှာ စည်းတံဆိပ်ရိုက်တာ သိပ်အာရုံစိုက်လို့ မရတာ၊ အပင် ပမ်းခံလို့ မရတာတွေ ရှိတယ်။ တစ်ညလုံး မဲလက်မှတ်တွေ ထိုင်လုပ်တာ ၃-၄စောင်က (တံဆိပ်မပါဘဲ) လွှတ်သွား တယ်။ နောက်နေ့ ကြိုတင်မဲ ထည့်ချိန်မှာ ဒါတွေတွေ့ရတယ်ပေါ့နော်။”ဟု အောက်တိုဘာလ ၂၉ရက်နေ့ဖြစ်စဉ်ကို ကေအိုင်စီသို့ ပြောသည်။

ထိုအခြေအနေကြောင့် အဆိုပါ ရပ်ကျေးကော်မရှင် ဥက္ကဌကိုယ်စား အတွင်းရေးမှူးအနေဖြင့် မဲရုံတာဝန်ကို ပိုမို အားစိုက်ဖြည့်ဆည်း လုပ်ဆောင်ခဲ့ရသည်ဟုလည်း သူက ဖြည့်စွက်ပြောဆိုသည်။

၎င်းအပြင် အချို့ ဗမာတိုင်းရင်းသားမဲဆန္ဒရှင်များအနေဖြင့် မဲလေးမဲ ပေးရမည်ကို သုံးမဲသာပေးခြင်း၊ အသက် ၆၀-၇၀ကျော် လူကြီးများအနက် မဲပုံးတစ်ပုံးတည်း၌သာ မဲပေးခြင်းမျိုးအပေါ် တာဝန်ရှိသူများက ပေးရမည့် မဲပုံးကျန်ရှိ သေးကြောင်း ပြန်လည်ခေါ်ယူထည့်ခိုင်းနေခြင်းများကိုလည်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ကော့ကရိတ်မြို့ပေါ်အနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် ပတ်သက်သည့် စောင့်ကြည့်ရေးမှာ မရှိသလောက် ဖြစ်နေပြီး ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များသာ မဲရုံများ တွင် စောင့်ကြည့်နိုင်ကြသည်ဟု မဲပေးရေးစည်းရုံးလှုံ့ဆော်ရေးအဖွဲ့မှ နယ်ခံ နော်တကောထူးက ပြောသည်။

နော်တကောထူးက “အရပ်ဖက်အဖွဲ့ စောင့်ကြည့်ရေးကို မပေးတဲ့အပေါ်မှာ အားသာချက်၊ အားနည်းချက်၊ စိန်ခေါ် ချက်တွေက များတာပေါ့နော်။ ဥပမာအားဖြင့် ကြိုတင်မဲကိုပဲကြည့်ရင် ၀ရုန်းသုန်းကား ထည့်ကြတယ်။ ဒါတွေက အမှန်တကယ် မဲထည့်တဲ့ပုံစံဖြစ်နေပြီလေ။ မဲပေးနေပြီလေ။ ဒါကို လမ်းညွှန်ချက်တွေ လက်ထပ်ပြီးတော့ သွားထု ပေးတာတွေ တွေ့ရတယ်။ ဒါတွေက မသန်စွမ်းတို့ ဘာတို့မှ အကူတောင်းရတာလေ။”ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်(၇)ခုတွင် အရပ်ဖက်အဖွဲ့များက ဘက်မလိုက် ဘဲ စောင့်ကြည့်နိုင်ခဲ့သည့်အတွက် အားနည်းချက်၊ စိန်ခေါ်ချက်များ လျော့နည်းခဲ့သော်လည်း ယခု ၂၀၂၀တွင် အရပ်ဖက်အဖွဲ့ စောင့်ကြည့်ရေးကို မထားရှိနိုင်ခြင်းနှင့် ကိုဗစ်ကာလ စိန်ခေါ်မှုများကြောင့်ဖြစ်နေသည်ဟု သူမက ဆက်ပြောသည်။

လက်ရှိအချိန်ထိ မဲပေးရေးစည်းရုံးလှုံ့ဆော်ရေးအဖွဲ့သည် အောက်တိုဘာလ ၂ရက်နေ့မှစ၍ ထို့ကော်ကိုး၊ မြပဒိုင်၊ နဘူးကျေးရွာအုပ်စုအပြင် ကော့နွဲ၊ ရန်ကုတ်ကျေးရွာအုပ်စု၊ မွေးမြူရေးဇုန်နှင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များ၌ သွားရောက်နိုးဆော်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲကျင်းပခွင့်မပြုသည့် နေရာများထဲတွင် ကရင်ပြည်နယ်၌ ကော့ကရိတ်မြို့နှင့် အလှမ်းမဝေးသော ဟောင်သရော၊ အံဖကြီး၊ စက္ကဝက်၊ ဒေါက်ပလန်၊ အံကောင်၊ တရိတခေါင်၊ တပြု(ကမော့ပိ)ကျေးရွာအုပ်စု ၇စု ပါဝင်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...