မဲဆောက်ရှိ မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကြိုတင်ဆန္ဒမဲပေးခွင့် ဆုံးရှုံး

မဲဆောက်ရှိ မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကြိုတင်ဆန္ဒမဲပေးခွင့် ဆုံးရှုံး

စအိုင်ဆူး — ထိုင်း-မြန်မာ နယ်စပ်မြို့ ၊ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲမှ မဲပေးခွင့်ရှိသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ခန့် ကြိုတင်ဆန္ဒမဲပေးခွင့် ဆုံးရှုံးခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

လက်ရှိ ကာလအတွင်း မဲဆောက်မြို့၌ ကိုဗစ်ရောဂါပိုးရှိသူ တွေ့ရှိခြင်းနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု နှင့် အာဏာပိုင်များ၏ သွားလာခွင့်ပိတ်ပင်ခံခဲ့ရခြင်းတို့ကြောင်း ယခုလို မဲပေးခွင့် ဆုံးရှုံးခဲ့ရကြောင်း မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏ မဲဆောက်ရုံး တာဝန်ခံ ဦးမိုးကျော်က ကေအိုင်စီသို့ ယခု လိုပြောသည်။

၎င်းက “အခု ဒီတစ်ရာကျော်ဆိုတာက စက်ရုံတို့ စိုက်ပျိုးရေးလုပ်ငန်းခွင်က ဖြစ်တယ်။ သူတို့က ခရီးသွား လာခွင့်ရှိပေမဲ့ ဘန်ကောက်တို့ဘာတို့ မသွားဖူးကြသလို သံရုံးနေရာလည်း မသိကြဘူး။ အဲ့တော့ အလုပ်သမား သံအရာရှိရုံးက ဒီလူတွေအတွက် မူလက သွားလာရေး စီစဉ်ပေးမယ်ပေါ့။ စီစဉ်နေရင်းကနေ ထိုင်းနိုင်ငံတွင်း ထဲမှာ ဆန္ဒပြမှုတွေ ဖြစ်လာတယ်၊ အရေးပေါ်ကြေညာချက်တွေ ထွက်လာတယ်။ တပြိုင်နက်ထဲမှာပဲ ဒေသ တွင်းမှာ ကိုဗစ်ရောဂါပိုးရှိသူလူနာတွေ ရုတ်ချည်း တက်လာတယ်။ အဲ့လိုတွေ့ရှိတာကြောင့် ဒေသအာဏာပိုင် တွေက နိုင်ငံရဲ့ အတွင်းပိုင်းကို အုပ်စုလိုက်ခရီးသွားလာခွင့်မျိုးကို ပိတ်ပင်လိုက်တာကြောင့်ဖြစ်တယ်” ဟု ပြော သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌  ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အစိုးရအပေါ် လူထုဆန္ဒပြလှုပ်ရှားမှုများ ကြီးမား ပြင်းထန်လာသည့်အတွက် အောက်တိုဘာလ ၁၅ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာခဲ့သလို မဲဆောက်မြို့တွင်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကိုဗစ်ရောဂါပိုးရှိသူ တွေ့ရှိလာပြီးနောက် မြို့နေ ရပ်ကွက်အချို့ကို သွားလာခွင့် ကန့်သတ်မှုများ ပြုလုပ်ခဲ့ရသည်။

ထိုသို့ ထိုင်းအစိုးရ၏ အရေးပေါ် အခြေအနေ ကြေညာမှု နှင့် အတူ မဲဆောက်မြို့အတွက် ရောဂါပိုး တွေ့ ရှိလာမှုတို့ကြောင့် လူစုလူဝေးဖြင့် သွားလာမှုကို ထိုင်းအာဏာပိုင်များမှ ခွင့်မပြုခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားသံအရာရှိမှ အတည်ပြုပြောဆိုခဲ့ကြောင်းရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ လူမှုကွန်ယက် စာမျက်နှာ၌ ဖော်ပြထားသည်။

အလားတူ ဘန်ကောက်မြို့တွင်း လူထုအုံကြွမှုဖြစ်စဉ်များနှင့် အရေးပေါ် အခြေအနေကြေညာခြင်းတို့ကြောင့်  မြန်မာနိုင်ငံသားအချို့ မဲထည့်ခွင့်ဆုံးရှူံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ယခုလိုပြောသည်။

၎င်းက “အခုနောက်ပိုင်းက ဘန်ကောက်မြို့တော် တစ်ဝိုက်မှာ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်နဲ့ ထိုင်းအစိုးရကို ဆန့် ကျင်ဆန္ဒပြတာတွေ ပေါ်ပေါက်လာတော့ ဟိုနေရာတွေ မသွားရ၊ ဒီနေရာတွေ မသွားရဆိုတဲ့ ပိတ်ဆို့မှုတွေပေါ့ အဓိကကတော့ အောက်တိုဘာ ၁၇နဲ့ ၁၈လောက်မှာ အဲ့ဒါသွားကြုံရတယ်။ ဒါက ဆန္ဒပြမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးပေါ့။ ရှေ့ပိုင်းတွေတုန်းကကျတော့ ကိုဗစ်ကပ်ရောဂါကာလရဲ့ဆိုးကျိူးတွေပေါ့ အလုပ်ရှင်ဆီက ခွင့်မရ တာတွေ ၊ Lock down ချတာတွေကြောင့် မဲပေးခွင့် ဆုံးရှုံးကြတာလည်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆောက်မြို့အတွင်း ပုံစံ ၁၅ ဖြင့် ကြိုတင်မဲစာရင်းတင်ခဲ့သူ ၁ထောင်ကျော်ရှိပြီး အများစုမှာ ပုဒ်မ (၆၄) ရာသီအလိုက် အလုပ်သမား လက်မှတ်ကိုင်ဆောင်သူများနှင့် ထိုင်းနိုင်ငံအတွင်းခရီးသွားလာခွင့်ရှိသော ပတ်စ်ပို့၊ CI၊ PJ စသည့် လက်မှတ်ကိုင်ဆောင်သူများ ဖြစ်ကြသည်ဟု ရောင်ခြည်ဦး အလုပ်သမာများအဖွဲ့က ဆိုသည်။

ထိုင်းနိုင်ငံအတွင်း မဲပေးခွင့် ဆုံးရှုံးသွားသူအများစုမှာ စက်ရုံ၊ အလုပ်ရုံ နှင့် သွားလာရေး အခက်အခဲရှိသည့် ရာသီအလိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား များအပြင် မဲသွားရောက်ထည့်ရမည့်ဘန်ကောက်နှင့် ချင်းမိုင်မြို့ များနှင့် ဝေးကွာသောနေရာဒေသအသီးသီးတွင် ရောက်ရှိနေကြသူများပါဝင်ကြသည်။

ထိုင်းနိုင်ငံအတွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်နေ့က စတင်ခဲ့ပြီး အောက်တိုဘာလ ၁၈ရက်နေ့အထိ သတ်မှတ်ထားပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံး နှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးတို့တွင် သွားရောက် ဆန္ဒမဲပေးရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား  (၁.၅) သန်းရှိ ပြီး ထိုင်းနိုင်ငံအတွင်း ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်လျှောက်ထားသူများမှ မဲပေးခွင့်ရသူ (၃၉,၀၀၀) ကျော်ရှိ သည့် အနက် (၁၆,၈၃၀)ဦးသာ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်းလည်း အလုပ်သမား အရေး ကူညီဆောင်ရွက် ပေးသူ များထံမှ သိရသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပိုမိုမဲထည့်ခွင့်ရရေး အတွက် ထိုင်းနိုင်ငံ၏ နီးစပ်ရာ ခရိုင် ဒေသ အလိုက် ယာယီသံရုံးများဖွဲ့၍ မဲရုံများ ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာ မြန်မာအာဏာပိုင်များကို အလုပ်သမားအရေး ဆောင်ရွက်သူများက တောင်းဆိုခဲ့ကြသည်ဟုလည်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...