စအိုင်ဆူး — ကရင်အမျိုးသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုးသားကိုယ်စားလှယ်လောင်းများနှင့် ကရင်တို့ကို တခဲနက် မဲပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNUက အောက်တိုဘာလ ၁၅ရက်တွင် ထုတ်ပြန်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ၅ နှစ်ပြည့်နှစ်ပတ်လည်နေ့ကြေညာချက်တွင် တိုက်တွန်း လိုက်သည်။
ကရင်အမျိုးသားများ၏ မိမိကံကြမ္မာ ဖန်တီးရေးမှာ ကရင်အမျိုးသားအားလုံး မတူညီသည့် အခြေအနေ အောက် တွင် ပါဝင်သွားရန် လိုအပ်ခြင်းကြောင့် ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက“ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရှိနေတယ်။ ၂၀၀၈ အောက်မှာ ရှိနေပါစေ ကိုယ့်အတွက် ပွင့်လာတဲ့ Space (နေရာ) လေးတစ်ခုကို ပါဝင်ပြီးတော့ ချဲ့ထွင်ဖို့လိုအပ်သလို ကျနော်တို့ ၂၀၀၈ ရဲ့ ပြင်ပမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ကျနော်တို့ ရရှိတဲ့ နိုင်ငံရေးဆွေး နွေးပွဲတွေမှာ ကရင်တွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရည်တူ ကိစ္စတွေကို ကျနော်တို့ တွန်းတွန်း တိုက်တိုက်နဲ့ သူ့ထောင့်ကိုယ့်ထောင့် ပါဝင်ပြီးတော့ လုပ်သွားဖို့ လိုအပ်တယ်” ဟု ပြောသည်။
ကရင် တိုင်းရင်းသား အပါအဝင် တစ်နိုင်ငံလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ တည် ဆောက်မှုတွင် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ဟန်ချက်ညီညီသွားနိုင်ရန် ကရင်ပါတီနှင့် တစ်သီးပုဂ္ဂလ ကရင်အမျိုးသား ကိုယ်စားလှယ်များအနေဖြင့် နေရာတစ်ခုရရှိသွားပါက ဥပဒေ ပြုပြင်ပြောင်းလဲ ရေးဆွဲသည့် နေရာများတွင် ပါဝင်သွားရန်လည်း ပဒိုစောတာဒိုမူးက ဆက်ပြောသည်။
ထို့အပြင် တခြားသောပါတီတွင် ရောက်ရှိနေကြသည့် ကရင်အမျိုးသား ကိုယ်စားလှယ် လောင်းများအနေဖြင့် လည်း ကရင်အမျိုးသားများ၏ ဘုံရည်မှန်းချက်အတိုင်း ပါဝင်နိုင်မည့် မိမိအခန်းကဏ္ဍများကိုလည်း မြင့်တင်သွားရန် လိုအပ်ကြောင်းလည်း KNU၏ အထွေထွေ အတွင်းရေးမှူးချုပ်က ဖြည့်စွက် တိုက်တွန်းသည်။
နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲတွင် ကရင်ပါတီ (၄) ပါတီမှ ကရင်အမျိုးသားများ အဓိက နေထိုင်ကြသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီ တိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၁၁၉ )ဦး အပြင် အခြားသော နိုင်ငံရေးပါတီများတွင်လည်း ကရင်အမျိုးသားကိုယ်စားလှယ်လောင်း အများအပြား ပါဝင် အရွေးကောက်ခံသွားမည်ဖြစ်သည်။
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်၍လည်း အပစ်အခတ်ရပ်စဲရေး ခိုင်မာခြင်းနှင့် နိုင်ငံရေးဆွေးနွေးညှိ နှိုင်းမှုများတွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်လာအောင် ပါဝင်ပတ်သက်သူများအားလုံး ကြိုးပမ်းသွားရန်လည်း KNU၏ NCA (၅)နှစ်မြောက် နှစ်ပတ်လည်ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ယနေ့ ကျရောက်သည့် NCA (၅)နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်တို့မှ သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသလို အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကလည်း သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရ၊ တပ်မတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ သျှမ်း ပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)၊ ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုး သားလွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)နှင့် ပအိုဝ်းအမျိုးသားရေး လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့အကြား NCA အပစ်ရပ်စာချုပ်ကို ချုပ်ဆိုခဲ့သည်။
ထို့နောက် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ နှစ်ဖွဲ့မှ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းပေါင်း (၁၀)ဖွဲ့က NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည်။







