စောရှား — ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက် ဝန်းရံကူညီအားဖြည့်ပေးလျက်ရှိကြောင်း ကရင်ပြည်နယ်ရှိ ကရင်လူငယ်ကွန်ရက်(KYN) ဆက်သွယ်ချိတ် ဆက်ရေးတာဝန်ခံ စောသန့်သောင်(စဝ်သိုင့်သုဂ်)က ပြောသည်။
၎င်းက “ပါတီစည်းရုံးရေးတွေဆင်းရင် ကျနော်တို့လိုက်သွားပြီး လိုအပ်တာကူညီပေးတယ်။ လူငယ်တွေကို လာ join ခိုင်းတယ်။ online နဲ့ ပတ်သက်ပြီးတော့ Challenges ခေါ်တဲ့ (အက) Video clip တို့၊ ဓာတ်ပုံတို့နဲ့ ဝန်းရံလုပ်ဆောင် နေတယ်။”ဟု ကေအိုင်စီသို့ အောက်တိုဘာလ ၉ရက်နေ့က ပြောသည်။
KYN အနေဖြင့် ကရင်ပြည်နယ်အတွင်း အောက်တိုဘာ ၄ရက်နေ့မှ စတင်ကာမဲဆွယ်စည်းရုံးရေး ပြီးဆုံးသည့် နိုဝင်ဘာ ၆ရက်နေ့အထိ ပြည်နယ်အခြေစိုက်ပါတီ KNDP အတွက် မြေပြင်တွင်လှုပ်ရှားဝန်းရံနေကြောင်း စောသန့်သောင်က ဆက်ပြောသည်။
ယင်းသို့ ကူညီပေးရခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပါတီများအောင်နိုင်ပြီး လွှတ်တော်များထဲတွင် ကရင့်အရေး အမှန်တကယ် လုပ်ဆောင်ပေးမည့် ကိုယ်စားလှယ်များမှတဆင့် ကရင်ပြည်သူအသံများ ရောက်ရှိနိုင်ရန်အတွက် ဝန်းရံ ပေးသွားမည်ဟု နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်ကွန်ရက် (KYN)က ယခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး လည်း ဖြစ်သည်။
၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကရင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)ကို ပြည်နယ်အခြေစိုက် ကရင်ပါတီ သုံးပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ ပါတီဝင် တချို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် တရားဝင် နိုင်ငံရေးပါတီအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
KNDP သည် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ခုတွင် သံတောင်မြို့နယ်မှလွှဲ၍ ကျန်မြို့နယ် ၆မြို့နယ်တို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး လည်း အပါအဝင် ဖြစ်သည်။
ထို့အပြင် ရန်ကုန်၊ ဧရာ၀တီ၊ ပဲခူးတိုင်းဒေသကြီးများ၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် နေပြည်တော်တိုင်းဒေသကြီး တို့တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျန်ကရင်နိုင်ငံရေးပါတီများဖြစ်သော ဖလုံစဝေါ်ဒီမိုကရက်တစ်ပါ တီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ(KNP)တို့ကိုလည်း သက်ဆိုင်ရာဒေသများမှ ကရင်လူ ငယ်များက ဝန်းရံကူညီပေးနေကြောင်းလည်း သိရသည်။
Karen Youth Network - KYN ကို ကရင်၊ ကရင်နီ(ကယား)၊ မွန်ပြည်နယ်များ၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး တိုင်းဒေသကြီးများ၊ တောင်ငူ-သံတောင်၊ အထက်မြန်မာပြည် အပါအဝင် နယ်မြေဒေသ (၁၁)ခုမှ ကရင်လူငယ်များဖြင့် ဖွဲ့စည်းထားသော လူငယ်ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။







