ကော့ကရိတ်လမ်းဟောင်း တပ်မတော်သားပစ်သတ်ခံရမှုကိစ္စ စွပ်စွဲပြောဆိုမှု အခြေအမြစ်မရှိကြောင်း KNU တုံ့ပြန်

ကော့ကရိတ်လမ်းဟောင်း တပ်မတော်သားပစ်သတ်ခံရမှုကိစ္စ စွပ်စွဲပြောဆိုမှု အခြေအမြစ်မရှိကြောင်း KNU တုံ့ပြန်

စအိုင်ဆူး — မြဝတီ-ကော့ကရိတ်လမ်းဟောင်းတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်သားများ၏ ပစ်သတ်ခံရမှုဖြစ်စဉ်တွင် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်ဖွဲ့ဝင်များ၏ ပါဝင်ပတ်သက်မှုများရှိကြောင်း တပ်မတော်ဘက်မှ ပြောဆိုမှုအပေါ်အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံးက ပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ရက်နေ့က မြဝတီ-ကော့ကရိတ် လမ်းဟောင်းတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်သား ၂ ဦး ပစ်သတ်ခံရမှုနှင့် မိုင်းထောင်မှုဖြစ်စဉ်တွင် ပါဝင်သူများကို ဖမ်းဆီးရမိထားပြီး စစ်ဆေးချက်အရ KNU တပ်ဖွဲ့ဝင်များဖြစ်သည်ဟု တပ်မတော်ဘက်မှ ပြောဆိုခဲ့ခြင်းအပေါ် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ယခုလို ပြောဆိုခဲ့သည်။

၎င်းက “နံပါတ်တစ်က ဒီကိစ္စက လုံးဝမဟုတ်ဘူးပေါ့နော်။ သူတို့(စစ်တပ်) စွပ်စွဲတဲ့ဟာတွေကလည်း ကျနော်တို့ အတွက် အခြေအမြစ်မရှိဘူး။ ဘာဖြစ်လဲဆိုတော့ တကယ်လို့ KNU လူဆိုရင် သူတို့မှာ ကိုယ်ပိုင်နံပါတ်တွေ အ ကုန်လုံးရှိတယ်လေ။ ထုတ်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ကျနော်တို့ မသိဘူးဒါကတော့ တပ်မ တော် ဘက်က ထွက်လာတဲ့ သူပြောတဲ့ ပုံစံအရတော့ ဟိုက ထုတ်ပြောလို့ပေါ့နော်။ ဒီလိုမျိုး လူတစ်ယောက် ယောက် က သူ့ပါသူပြောတဲ့ကိစ္စကို အထောက်အထားမရှိဘဲနဲ့ ကျနော်တို့ကို အဲ့လို စွပ်စွဲတဲ့ကိစ္စမျိုးက မဖြစ်သင့်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ နှစ်ဦးကို နယ်ခြားစောင့်တပ်(BGF)နှင့် တပ်မတော်တို့မှ မသင်္ကာသည့် နေရာအချို့ကို လုံခြုံရေးဆောင်ရွက်နေစဉ် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်နေ့က ဖမ်းဆီးရမိပြီး ကနဦး စစ်ဆေးချက်များအရ KNU၏ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ စက်တင်ဘာ ၃၀ ရက်နေ့ က ပြော ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျူးလွန်သူများမှာ ၃ ဦးဖြစ်ပြီး ၂ ဦးကို ဖမ်းမိထားက ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ် ကြောင်း ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ KNU တပ်ဖွဲ့ဝင်များဖြစ်ပြီး အမြဲတမ်းတပ်ဖွဲ့ဝင်များ မဟုတ်သ လို ၎င်းတို့ကို မည်သူက ခိုင်းစေကြောင်း ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်းနှင့် KNU ၏ အောက်ခြေအဆင့်မှ ခိုင်းစေခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှု တည်ဆောက်နေစဉ် ကာလအတွင်း ထိုသို့ အချက်အလက် ခိုင်လုံ မှုမရှိဘဲ အပြန်အလှန် စွပ်စွဲပြောဆိုမှုများကြောင့် လက်ရှိ ဖော်ဆောင်သွားနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ် ထိခိုက်မှုရှိလာနိုင်ကြောင်းနှင့် ၎င်းပြောဆိုမှုအပေါ် ကန့်ကွက်သွားမည်ဖြစ်ကြောင်း KNU ဘက် က ဆိုသည်။

“ကျနော်တို့ ကန့်ကွက်သွားမှာပါ ဒီကိစ္စကို။ JMC ကလည်း တစ်ယောက်နဲ့ တစ်ယောက် Complain လုပ်နေတာနဲ့ အလုပ်လည်း မဖြစ်ဘူး။ ပထမကတော့ ဒီသတင်းက ကျနော်တို့လည်း ကြားရတာမဟုတ်ဘူး။ မီဒီယာကနေ ပြန်ကြားလို့ ဒါကိုလည်း ကျနော်တို့ သေချာပြန်စိစစ်ပြီးတော့ သင့်တော်တဲ့တုံ့ပြန်မှု တစ်ခုခု လုပ်သွားမှာပါ။” ဟု ပဒို စောတာဒိုမူးက ပြောသည်။

အဆိုပါ ကျူးလွန်သူဟု ယူဆရသူများကို နယ်ခြားစောင့်တပ်(BGF)မှ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်းနှင့် ၎င်းတို့၏ စစ်ချက်အရ မည်သည့်အဖွဲ့အစည်းနှင့်မှ မသက်ဆိုင်ကြောင်းကို ထွက်ဆိုထားကြောင်း ကရင်ပြည်နယ် နယ်ခြား စောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်နေ့ က 7 Day သတင်းဌာနသို့ ပြောဆိုထားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၄ရက်နေ့က ပြုလုပ်သည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲ၌လည်း အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်သည် မြဝတီမြို့နယ်အတွင်း အဖွဲ့အစည်းတချို့နှင့် ဆက်စပ်မှုရှိသည့် ကျပ်သန်းပေါင်း များစွာ တန်ဖိုးရှိသော မူးယစ်ဆေးဝါး ဖမ်းဆီးရမိဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ကနဦး ပြောဆိုထားခဲ့သေးသည်။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ် ကားလမ်းဟောင်း အလယ်ဘိုတဲအနီး ဓမ္မံအောင် တောင်ကုန်း OTA Station ဆက်သွယ်ရေး လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားနှစ်ဦးမှာ ဩဂုတ်လ ၃၀ရက်နေ့ နံနက် ၂နာရီခွဲ အချိန်ခန့်က ပစ်သတ်ခံရပြီး ၎င်းတို့၏ ရုပ်အလောင်းအား သွားရောက်စစ်ဆေး သယ်ယူစဉ်  မိုင်းထပ်မံပေါက်ကွဲမှုကြောင့် တပ်မတော်သား ၃ ဦး ထပ်မံ သေဆုံးပြီး ၅ဦးထပ်မံ ဒဏ်ရာ ရရှိခဲ့ သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...