အစိုးရ၏ ကိုဗစ်ကာလ ထောက်ပံ့စရိတ်တွင် သတင်းမီဒီယာနယ်ပယ်အတွက် သန်း ၃၀ ပါဝင်

အစိုးရ၏ ကိုဗစ်ကာလ ထောက်ပံ့စရိတ်တွင် သတင်းမီဒီယာနယ်ပယ်အတွက် သန်း ၃၀ ပါဝင်

နန်းဝေဖြိုးဇာ — Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်နှင့် အစိုးရ၏ ထောက်ပံ့စရိတ် တွင် သတင်းမီဒီယာနယ်ပယ်အတွက် ကျပ်သန်း ၃၀ ပါဝင်ကြောင်း စက်တင်ဘာလ ၂၉ရက်က ပြုလုပ်ခဲ့ သည့် အွန်လိုင်းအစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မိတ်ဖက်အဖွဲ့များဖြစ်သော မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ အပါအဝင် သတင်းမီဒီယာနယ်ပယ်၊ သဘင်၊ ဂီတ၊ ရုပ်ရှင်နှင့် စာပေ နယ်ပယ်ငါးခုမှ ကိုယ်စားပြုသူများကို ဖိတ်ခေါ်ကာ ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းပြပြောဆိုပြီး လုပ်ဆောင်ရမည်များကို သဘော ထားများ ရယူခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က “အမှန်က ဒီဟာအတွက်ကို စီစဉ်ထားတာ တော်တော်ကြာနေပြီး။ သို့သော် မသေချာသေးတဲ့အချိန်မှာ ကြိုပြီး မပြောနိုင်တာအတွက်ကြောင့် ဘာမှမပြောခဲ့ပါဘူး။ အခု တော့ ကျနော်တို့လက်ထဲ လွှဲပြောင်းရောက်ရှိပြီးဖြစ်တဲ့အတွက်ကြောင့် ဒီကနေ့မှာ အခုလို တွေ့ဆုံတာဖြစ်ပါတယ်။ ကျနော်တို့ ထောက်ပံ့ငွေက သန်း ၁၅၀၊ အဖွဲ့အစည်းကဏ္ဍ ၅ခုဆိုတော့ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ တချို့ ကဏ္ဍမှာ လူဦးရေများချင်များမယ်။ တချို့က နည်းနည်း နည်းရင် နည်းမှာပေါ့။ သို့သော် အားလုံးအသေးစိပ်စီ ခွဲခြမ်း မနေနိုင်တဲ့အတွက်ကြောင့် ကဏ္ဍတစ်ခုချင်းဆီကို လွှဲပြောင်းပေးဖို့ဖြစ်တယ်။”ဟု အစည်းအဝေးတွင် ပြောသည်။

အဆိုပါ နယ်ပယ် ၅ခုအတွက် ထောက်ပံ့မည့် ငွေကျပ်သန်း ၁၅၀ကို နယ်ပယ်တစ်ခုလျှင် ကျပ်သန်း ၃၀နှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးထံ စက်တင်ဘာလ ၃၀ရက်နေ့တွင် ငွေလွှဲပြောင်းသွားမည်ဖြစ်ပြီး သတင်းမီဒီယာနယ်ပယ်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC)နှင့် သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံး၊ စာပေအ သင်းတို့က ထောက်ပံ့ငွေများကို လက်ခံရယူကာ ဆက်လက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့သည်။

သတင်းမီဒီယာများကို ပြန်လည်ခွဲဝေထောက်ပံ့ပေးမည့်ကိစ္စနှင့်ပတ်သက်၍ MPC ၏ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့် ကျော်က “ကောင်စီကတော့ ကြားမှာ ကမကထ လုပ်ပေးသွားမှာပဲပေါ့နော်။ သတင်းသမားအဖွဲ့အစည်းကြားမှာ ဆွေး နွေးပြီး သဘောတူညီမှုယူပြီး ဘယ်လိုပေးမလဲပေါ့။ ပမာဏကတော့ နဂို သူတို့လျာထားတဲ့ တစ်ယောက် ၃သောင်းအ တိုင်းပဲ လူ ၁၀၀၀ကို ဘယ်လိုခွဲဝေရမလဲ။ ဘယ်လိုမျိုးတာဝန်ယူပြီး စာရင်းကောက်ကြမလဲ။ အဲဒါကို မနက်ဖြန်နေ့ လယ်မှာ ဆွေးနွေးဖို့ရှိပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရ၏ ယခု ထောက်ပံ့စရိတ်သည် အဖွဲ့လိုက်အတွက် မဟုတ်ဘဲ တစ်ဦးချင်းစီအတွက်ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် သတင်းသမား အရေအတွက် စုစုပေါင်း ငါးထောင်နှင့်အထက် ရှိသည့်အထဲမှ ပိုမို ခက်ခဲမှုရှိသည့် သတင်း သမားများကို စာရင်းကောက်ယူပြီး ဦးစားပေး ထောက်ပံ့ပေးသွားဖို့ရှိကြောင်းလည်း ဦးမြင့်ကျော်က ဖြည့်စွက်ပြောဆို သည်။

ထို့အပြင် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က သတင်းမီဒီယာများ အဖွဲ့လိုက် ငွေချေးစနစ်တစ်ခုလည်း သီးသန့်ရှိကြောင်းနှင့် ယင်းကို လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားနိုင်ပြီး လိုအပ်ပါက ပြန်ကြားရေးဝန်ကြီးဌာနက ကူညီထောက်ခံပေးသွားနိုင်ကြောင်းလည်း ရှင်းပြခဲ့သည်။

ကိုဗစ်ကာလ အစိုးရ၏ ထောက်ပံ့မှု အစည်းအဝေးပွဲတွင် ပါဝင်တက်ရောက်သော သတင်းမီဒီယာအစုအဖွဲ့များမှာ  MPC, မြန်မာသတင်းထောက်များအသင်း-MJA, မြန်မာသတင်းထောက်များသမဂ္ဂ-MJU, မြန်မာသတင်းထောက်များ ကွန်ရက်-MJN, နိုင်ငံတကာမြန်မာသတင်းအဖွဲ့-BNI, မြန်မာအမျိုးသမီးသတင်းထောက်များအသင်း-MWJS တို့ တက် ရောက်ခဲ့ကြပြီး ထောက်ပံ့ငွေကိစ္စအပြင် ကိုဗစ်ကာလ သတင်းမီဒီယာများ သတင်းယူခွင့်ရှိရေးနှင့် သတင်းရယူမှုတွင် သွားလာနိုင်ရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...