စအိုင်ဆူး - ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ပိုင်ကျုံ(လှိုင်းဘွဲ)မြို့နယ်၊ သေ့မော်ကလူ့ အုပ်စုတွင် စက်တင်ဘာလ အစောပိုင်းက ဖြစ်ပွားခဲ့သော လူနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် လူတစ်စုကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေ တရားရေးအရ အရေးယူနိုင်ရန် စီစဉ်နေကြောင်း KNU ဘက်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က နွားအငှားလာရောက်ပို့ဆောင်ကြသည့် မယ်ပလာခီး ရွာသားနှစ်ဦးအား ဒေသအခေါ် လယ့်ကဆောနေရာအရောက်တွင် အဆိုပါ လူအုပ်စုက ဖမ်းဆီးချုပ်နှောင်ပြီး မသေမချင်း သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျူးလွန်သူအပါအဝင် ညွှန်ကြားသူကိုပါ KNUမှ ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ရန် ဆောင် ရွက်လျက်ရှိသည်ဟု KNU အတွင်း ရေးမှူး (၂) ပဒို စောလှထွန်းက ပြောသည်။
၎င်းက “ ဒီကိစ္စက ရာဇဝတ်မှု ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အမှုကိစ္စတွေ အမှန်ဖြစ်ပေါ်ရေးအတွက်ကတော့ KNPF (ကရင်အမျိုးသားရဲတပ်ဖွဲ့)ကို တာဝန်ပေးထားတာပေါ့။ ဖာအံခရိုင်၊ တပ်မဟာ (၇)ဘက်ကဖြစ်တဲ့ အ တွက် ခရိုင်အုပ်ချုပ်ရေး ဘက်ကကော တပ်မဟာဘက်ကကော ဝိုင်းပြီးတော့ တာဝန်ယူ လုပ်ဆောင်ပေး တာ ပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကိစ္စသည် အခြားသော ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုများရှိသောကြောင့် ပြီးခဲ့သည့် ရက်ပိုင်းများက ကရင်လက်နက်ကိုင်အဖွဲ့များအကြား တွေ့ဆုံခဲ့ဆွေးနွေးခဲ့ကြောင်း၊ ကရင်လက်နက်ကိုင်အား လုံးပါဝင်သည့် ခုံရုံးဖွဲ့စစ်ဆေးပြီး ကော်သူးလေတရားဥပဒေအတိုင်း စီရင်မှုများပြုလုပ်ရန် သဘောထားရှိခဲ့သော်လည်း ယနေ့အချိန်ထိ လုပ်ငန်းစဉ်၏ နောက်ဆုံးအခြေအနေတင်ပြမှုမှာ ဗဟိုသို့ မရောက်ရှိသေးကြောင်း ပဒိုစောလှထွန်းက ဆက်ပြောသည်။
အဆိုပါ လူသတ်မှုကို အဓိက ကျူးလွန်သူမှာ သုံးဦးဖြစ်ပြီး ပါဝင်ပတ်သက်သူများနှင့် အဓိက ညွန်ကြားသူ မှာ ဒေသ၏ ဖိုးရသေ့ခေါ် ဘာသာရေး ခေါင်းဆောင်တစ်ဦး ခံယူထားသူဖြစ်ပြီး အားလုံးစုစုပေါင်း (၁၆)ဦး ခန့်ရှိ ကြောင်းနှင့် ၎င်းတို့ကို ခရိုင်အဆင့် ကရင်အမျုးိသားရဲတပ်ဖွဲ့-KNPF မှ စစ်ဆေးမှုအရ ပြစ်မှုကျူးလွန်မှုကို ဝန်ခံထားကြောင်း KNU တပ်မဟာ(၇)တာဝန်ရှိသူများထံမှ သိရသည်။
အသတ်ခံလိုက်ရသူများသည် တစ်စုံတရာ ပြစ်မှု ကျူးလွန်ခြင်းမရှိသလို ယခုလို ဥပဒေမဲ့ ကျူးလွန်မှုများကို ဘာသာရေး ခေါင်းဆောင်အဖြစ် ခံယူထားသူအနေဖြင့် မလုပ်ဆောင်သင့်ကြောင်း၊ သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူများကို အသိပေးခြင်းမျိုးမလုပ်ဆောင်ဘဲ ကိုယ်တိုင် ဆုံးဖြတ်လုပ်ဆောင်မှုမှာ မဖြစ်သင့်ကြောင်း ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီရာတွင် ပါဝင်ခဲ့သူ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
အဆိုပါ ကိစ္စကို ခရိုင်အဆင့်တွင် ကိုင်တွယ်ဖြေရှင်းနေခြင်းဖြစ်သည့်အတွက် ရဲများ၏ စစ်ဆေးတွေ့ရှိ ချက်များကို အသေးစိတ် မသိရှိရသောကြောင့် တရားစီရင်မှု အပိုင်းနှင့်ပတ်သက်ပြီး အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း KNU ဗဟို တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးက ပြောသည်။
၎င်းက “သူတို့ ပြောတာက လူသတ်မှုလို့ ဆိုပေမဲ့ လူသတ်မှုမှာက စီရင်ဆုံးဖြတ်မှု အမျိုးမျိုးရှိတာပေါ့။ တချို့ ဆိုရင် ၁၀နှစ်လား ၁၅နှစ်လား ထောင်ချနိုင်တာပေါ့။ ရဲတွေရဲ့ စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်ပြီး သူတို့ရဲ့ ဆွဲချက်တင်မှု ပုဒ်မတွေအရတော့ စီရင်ဆုံးဖြတ်သွားရမှာပေါ့။ တစ်သက်တစ်ကျွန်း၊ သေဒဏ်အဆင့်ထိလည်းရောက်နိုင်တာပေါ့။” ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထွက်ပေါ်လာသည့် ရုပ်သံ မှတ်တမ်းတစ်ခုအရ လက်ထိတ်ဖြင့် လက်နောက်ပြန်ခတ်ကာ မှောက်လျက်သား အရပ်ဝတ်လူ ၂ဦးအား လူအုပ်စုတစ်စုက ရိုက်နှက်၊ ကန်ကျောက်ပြီး ဦးခေါင်း၊ လည်ပင်းနှင့် နံကြားနေရာများကို ဓားမြောင်ဖြင့် အခါခါ ထိုးသွင်းမှုများ လုပ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။
အဆိုပါ အမှုအခင်းကို ဖော်ထုတ်ရန် ကေအဲန်ယူမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဖားအံ ခရိုင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်များနှင့်နယ်မြေခံ တာဝန်ရှိသူများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။







