စောထွန်းလင်း — ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အောက်ကော့ရင်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာတွင် နေထိုင်သည့် ပအိုဝ်း တိုင်းရင်းသားများအနေဖြင့် ပအိုဝ်းရေးရာ မဲစာရင်းတွင် ကျန်ခဲ့သူများကို စိစစ်ပြီးနောက် ပြန်လည်ထည့်သွင်းထားပြီးဖြစ်သည်ဟု ဖားအံမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ကေအိုင်စီသို့ ပြောသည်။
“ မဲစာရင်းမှာ ပြန်စိစစ်ပြီးတော့၊ ပြန်ထည့်သွင်းထား ပြီးပါပြီးနော် ” ဟု ၎င်းက ကေအိုင်စီသို့ စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြောသည်။
အဆိုပါ အောက်ကော့ရင်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာတွင် နေထိုင်သည့် ပအိုဝ်းတိုင်းရင်းသားများသည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်၊ ပအိုဝ်းရေးရာမဲကို ပေးခွင့်ရသည်ကိုတွေ့ရသော်လည်း ယခု ၂၀၂၀ မဲစာရင်းတွင် မပါသည့်အတွက် မြို့နယ်ကော်မရှင်ထံတင်ပြခဲ့သည်ဟု ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခွန်မင်းအောင်(ခ) မောင်မောင်က ပြောသည်။
“ ကျနော် အရင်ရွေးကောက်ပွဲတွေတုန်းက ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် လုပ်ပေးခဲ့ဖူးတယ်။ အဲ့ တုန်းက မရင်းရွာက ပအိုဝ်းတွေ ရေးရာမဲပေးခဲ့ရဖူးတယ်။ ဒီတကြိမ်မှာ အဲ့ရွာကို စည်းရုံးရေး ဆင်းတော့မပါလို့ စိစစ်ဖို့ တင်ပြခဲ့တာပါ” ဟု ခွန်မင်းအောင်က ပြောသည်။
အဆိုပါ မရင်းကုန်းကျေးရွာတွင် ပအိုဝ်းတိုင်းရင်းသားရေးရာမဲစာရင်းတွင် မဲဆန္ဒရှင် ၅၀ ဦးကျော်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၄၅, ၀၁၁ ဦးရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







