ကေအဲန်ယူ သထုံခရိုင် ကိုဗစ်ကာကွယ်ရေးဂိတ်ဖွင့်လှစ်မှုအပေါ် အစိုးရတပ်ဟန့်တား

ကေအဲန်ယူ သထုံခရိုင် ကိုဗစ်ကာကွယ်ရေးဂိတ်ဖွင့်လှစ်မှုအပေါ် အစိုးရတပ်ဟန့်တား

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ၊ ကေအဲန်ယူ၊ သထုံခရိုင် ထိန်းချုပ်နယ်မြေ ခလယ်ဟယ်ရွာ (ညောင်တုန်းရွာ) လမ်း၌ ကိုဗစ် ကာကွယ်ရေးဂိတ် ဖွင့်လှစ်မှုအပေါ် ဒေသတွင်း စခန်းလာထိုင်ထားသည့် အစိုးရစစ်တပ်က စက်တင်ဘာ ၁၈ နှင့် ၁၉ ရက်များတွင် လာရောက်ဟန့်တားမှု ပြုလုပ်ခဲ့သည်ဟု သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောသည်။

“ကျနော်တို့ ကိုဗစ်ကာကွယ်ရေးဂိတ်ကို ခွင့်ပြုချက်မရှိဘဲဖွင့်လို့မရဘူးဆိုပြီး လာကန့်ကွက်တယ်။ ဂိတ်ကိုဖြုတ်ခိုင်းတယ်။  ကျနော်တို့ကလည်း ပြန်ရှင်းပြတော့ စကားအချေအတင်များတယ်” ဟု ပဒိုစောစိုးမြင့်က စက်တင်ဘာ ၁၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ သထုံခရိုင်နှင့် အနီးတဝိုက်တွင် ကိုဗစ် အတည်ပြုလူနာတွေ့ရှိလာမှု နှင့်အတူ ထိန်းချုပ်နယ်မြေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာမည်ကို ဒေသခံများစိုးရိမ်ကာ ကာကွယ်တားဆီးရေးဂိတ်ထားရှိရန် တောင်းဆိုမှုကြောင့် သထုံခရိုင်တာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို စက်တင် ဘာ ၁၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

ထိုသို့ ကျန်းမာရေးလုပ်သားများက ကိုဗစ်ကာကွယ်ရေးဂိတ် ဖွင့်လှစ်ထားမှုအပေါ် အစိုးရ စစ်တပ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ ၄၊ ခြေမြန်တပ်ရင်း -ခမရ ၄၀၉ လက်အောက်ခံ ညောင်ရွာစခန်းရှိ အရာရှိ တဦီးပါအဖွဲ့က စက်တင်ဘာ ၁၈ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင် လာရောက်ဟန့်တားပြီး ဂိတ်ကို ဓါတ်ပုံရိုက်ယူရန် ပြုလုပ်ခဲ့သည်။

အလားတူ စက်တင်ဘာ ၁၉ ရက်နေ့တွင်လည်း အစိုးရစစ်တပ်က ညောင်ရွာစခန်းကုန်းမှ နံနက် ၁၀ နာရီ ခွဲတွင် ဆင်းလာပြီး ကျန်းမာရေး စစ်ဆေးရေးဂိတ်အား လမ်းမဘေး၌ မဖွင့်လှစ်ရန်နှင့် ထပ်မံဟန့်တားမှုပြုလုပ်ခဲ့ပြီး ၁၁ နာရီ ခွဲတွင် စခန်းပေါ်ပြန်တက်သွားသည်ဟု ကေအဲန်ယူ သထုံခရိုင်က ပြောသည်။

“ တပ်မတော်ဘက်ကပြောတာလည်း ပြည်သူအတွက်လုပ်တာပဲ။ ကျနော်တို့လည်း ပြည်သူအတွက်လုပ်တာပဲ။ ကျန်းမာရေးက ရန်သူ၊ မိတ်ဆွေ မရှိပါဘူး။ ကျနော်တို့က ကျန်းမာရေး စစ်ဆေးရေးဂိတ်လုပ်တာ စစ်တိုက်ဖို့ အတွက်မှ မဟုတ်တာ။ သေနတ်လည်းမပါဘူး။ စစ်တပ်က သွားလာလို့ရှိရင်သွား ကျနော်တို့ ဘာမှ မနှောင့်ယှက်ဘူး” ဟု ပဒိုစောစိုးမြင့်က ဆက်ပြောသည်။

ကေအဲန်ယူ၊ သထုံခရိုင်က ဖွင့်လှစ်သည့် ကိုဗစ်ကာကွယ်ရေး၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဒေသတွင်း ဝင်ထွက်သွားလာသူများကို နှာခေါင်းစည်း (Mask) များတပ်ဆင်ခိုင်းခြင်း၊ လက်ဆေးခိုင်းခြင်း စသည်တို့ကို ကျန်းမာရေး လုပ်သားများက အသိပညာပေး လုပ်ဆောင်ခြင်းများသာ ဆောင်ရွက်ခြင်း ဖြစ်သည်။

တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA၊ အခန်း ၃ တွင်လည်း ပြည်သူများ၏ ကျန်းမာရေးကိစ္စကိုမပိတ်ပင်ရန်ပါရှိသည့်အတွက် ယခုလို ဟန့်တားခြင်းသည် မဖြစ်သင့်ကြောင်း ကေအဲန်ယူ သထုံခရိုင်တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ကေအဲန်ယူ၊ သထုံခရိုင်၊ ဖားအံမြို့နယ်၊ ခလယ်ဟယ်ရွာတွင် ကိုဗစ် စတင်ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ အတွင်း ကျန်းမာရေး စစ်ဆေးသည့်ဂိတ် ထားရှိခဲ့ဖူးပြီး ကိုဗစ် ဗိုင်းရပ်စ် ပျံ့နှံ့မှုနည်းသွားချိန်တွင် ဂိတ်ကို ပြန်လည် ပိတ်သိမ်းခဲ့ကာ ဗိုင်းရပ်စ် ပျံ့နှံ့မှုများ ပြားလာသည့် ယခုအချိန်တွင် တဖန်ပြန်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူများက ပြောသည်။   

ပြီးခဲ့သည့် ဧပြီလတုန်းကလည်း ကေအဲန်ယူ သထုံခရိုင် မော်စကိုဒေသ ထောင်မှူး ကျေးရွာအုပ်စု ဈေးမသွယ်ရွာတွင် ဖွင့်လှစ်ထားသည့် Covid -19 ရောဂါကာကွယ်ရေး ကျန်းမာရေး စစ်ဆေး ရေးဂိတ်တစ်ခုအား တပ်မေတော်၏ ဖိအားပေးမှုကြောင့် ဖျက်သိမ်းခဲ့ရဖူးသည်ဟု ကေအဲန်ယူဘက်က ပြောသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...