စောရှား — လက်ရှိ ပြည်ထောင်စုလွှတ်တော်သည် အစိုးရကို အပြန်အလှန်ထိန်းကျောင်းမှု အားနည်းနေသည်ကို တွေ့ရ သည်ဟု ပြည်ထောင်စု ကြံခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဖားအံမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ်လောင်း နန်းနီနီအေးက ကေအိုင်စီသို့ ပြောသည်။
သူမသည် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်နှင့် လက်ရှိဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ကရင်ပြည်နယ်၊ အမှတ် ၆ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူတဦးလည်း ဖြစ်သည်။
“ကျမက လွှတ်တော်သက်တမ်း ၂ ကြိမ် ဆက်တိုက်ဆိုတော့ ကွာခြားချက်တွေအများကြီးတွေ့ရတယ်။ ဒီသက် တမ်းအတွင်းမှာတော့ အရင်ကလောက် လွတ်လပ်စွာပြောဆိုခွင့်မရတာတွေ၊ မေးခွန်းတွေဆိုလည်း ပိတ်ပင်ခံရတာမျိုးတွေ၊ လွှတ်တော်ထဲမှာတချို့ကိုယ်စားလှယ်ဆွေးနွေးတဲ့ဟာတွေဆို ပြန်ပြီးတော့တားမြစ်ကန့်သတ်တာတို့၊ အစိုးရရဲ့အခက်ဖြစ်စေမယ့်ဟာတွေ မဆွေးနွေးဖို့တို့၊ သူတို့ပြောတာတွေ ပြန်ကြားရ တွေ့ရတာ ပေါ့နော်” ဟု ကေအိုင်စီနှင့် သီးခြားတွေ့ဆုံမေးမြန်းရာတွင်သူမက ပြောသည်။
ယခင် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးလက်ထက် ပြည်ထောင်စုလွှတ်တော်သည် အစိုးရကို အပြန်အလှန်ထိန်းကျောင်းမှုလုပ်ဆောင်ခဲ့သည့်အတွက် အစိုးရနှင့် လွှတ်တော်ပွတ်တိုက်မှုများရှိခဲ့သော်လည်း လက်ရှိ လွှတ်တော်အနေဖြင့် အစိုးရကို အပြန်အလှန် ထိန်းကျောင်းမှုအားနည်းနေသည်ဟု သူမက ဖြည့်စွက် ပြောသည်။
ကြံ့ခိုင်ရေး ပါတီကိုယ်စားပြု ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နန်းနီနီအေးသည် ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရသည့် ပြည်နယ်၏ တဦးတည်းသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ကာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်အရေး ပိုလုပ်ဆောင်ရန် ရည်ရွယ်၍ ပြည်နယ်လွှတ်တော် ဖားအံမဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်သွားမည်ဖြစ်သည်။
နန်းနီနီအေးသည် လက်ရှိပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်တဦးအဖြစ် တာဝန်ယူထားသူတဦး ဖြစ်ကြောင်း သိရသည်။







