မွန်ပြည်သစ်ပါတီနယ်မြေတွင် Covid-19 စည်းကမ်းချက်ကြောင့် မဲဆွယ်ခွင့် အခက်အခဲရှိဟု နိုင်ငံရေးပါတီများပြော

မွန်ပြည်သစ်ပါတီနယ်မြေတွင် Covid-19 စည်းကမ်းချက်ကြောင့် မဲဆွယ်ခွင့် အခက်အခဲရှိဟု နိုင်ငံရေးပါတီများပြော

စောမြတ်ဦးသာ — မွန်ပြည်သစ်ပါတီ (NMSP) ၏ နယ်မြေများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (Covid-19) စည်းကမ်းချက်များကြောင့် လက်ရှိတွင် ဝင် ရောက်မဲဆွယ်စည်းရုံးခွင့် အခက်အခဲရှိနေသည်ဟု နိုင်ငံရေးပါတီ တာဝန်ရှိသူများက ပြောဆိုကြသည်။

မွန်ပြည်သစ်ပါတီ နယ်မြေများဖြစ်သော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်နယ်မြေရှိ ကျေးရွာများနှင့် ဘုရားသုံးဆူမြို့နယ် ကြံတော၊ ဂျပန်ရေတွင်း နေရာများတွင် စက်တင်ဘာလ ၁၇ ရက်နေ့က လာရောက်မဲဆွယ်မည့် နိုင်ငံရေးပါတီ များကို ဝင်ရောက်ခွင့်မပြုသေးဘဲ ခေတ္တစောင့်ဆိုင်းကြရန် မွန်ပြည်သစ်ပါတီ နယ်မြေတာဝန်ရှိသူများမှပြောသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် စောရှားဖောင်အွာက ကေအိုင်စီသို့ပြောသည်။

“မနေ့က တောင်ပေါက်ရော၊ ဘုရားသုံးဆူဘက်မှာရော ဝင်ခွင့်မရဘူး။ ဆက်ဆံရေးရုံးကို ဆက်သွယ်တော့ ၄၊ ၅၊ ၆ ရက်ပါပဲတဲ့ အခြေအနေ စောင့်ကြည့်ပေါ့လေ ပြောပြတယ်။ စာပေးပါဆိုတော့လည်း စာလည်းမထုတ်ပေးဘူး။ ဒေသန္တရထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်း ကျနော်တို့ လိုက်နာတယ်။ ကိုဗစ်နိုင်တီးစည်းကမ်းချက်နဲ့အညီ မဲဆွယ်စည်းရုံးခွင့်ရှိပါတယ်။ မွန်ပြည်သစ်က ထုတ်ပြန်ချက်တွေဟာ မျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ မြင်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် စောရှားဖောင်အွာက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို စက်တင်ဘာ ၈ ရက်နေ့တွင် တရားဝင်မဲဆွယ်စည်းရုံးမှု ခွင့်ပြုလိုက်ပြီးနောက် သက်ဆိုင်ရာနယ်မြေအသီးသီး၌ မဲဆွယ်စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောထွဋ်ခေါင်လွင်ကလည်း “ ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက ကျနော်တို့ပါတီဆိုင်းဘုတ်ထောင်ထားပြီးသား ကျေးရွာတစ်ရွာမှာ  သက်ဆိုင် ရာကျေးရွာအုပ်ချုပ်ရေးမှူးကို  ဆိုင်းဘုတ်လာဖြုတ်ခိုင်းတယ်။ လက်ရှိဖြုတ်လိုက်ပါတယ်။ မြို့နယ်ကော်မရှင်ကို တင်ပြထားပါ တယ်။  ဒီဒေသခံကလူတွေ ဒီတစ်ကြိမ်မှ မဲထည့်ခွင့်ရတာပါ။ ဘယ်ပါတီက ကိုယ်စားလှယ်လောင်းဖြစ်ဖြစ် ပြည်သူတွေ ရွေးချယ် နိုင်ဖို့အတွက် တရားမျှတမှုကို လိုလားပါတယ်” ဟု  ယနေ့ ကေအိုင်စီသို့ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အာကာက “တိုင်းရင်းသား ညီကိုမောင်နှမတွေပဲလေ။ ကိုဗစ် ကိစ္စပဲ ဖြစ်နိုင်တယ် ထင်တယ်။ တခြားရည်မှန်းချက်တို့ ဥပမာ ပါတီအစွဲအလန်းတို့ တိုင်းရင်းသားလူမျိုးခွဲခြားတာတို့ မရှိပါဘူး။ ကိုဗစ်ကိစ္စနဲ့ပဲ။ ကျနော်တို့ မွန်ပြည်နယ်မှာလည်း တအားတိုးလာတယ်လေ” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အတူ မွန်ပြည်သစ်ပါတီနှင့် နယ်မြေချင်းထိစပ်နေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ကလည်း မဲဆွယ်စည်းရုံးလှုပ်ရှားမှု လုပ်ဆောင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ကျန်းမာရေးဌာနများမှ ထုတ်ပြန်ထားသည့် Covid-19 စည်းကမ်းချက်များကို လိုက်နာရန် နှင့် လိုက်နာခြင်းမရှိသည့် နိုင်ငံရေးပါတီကို ၎င်းတို့နယ်မြေအတွင်း မဲဆွယ်စည်းရုံးလှုပ်ရှားမှု ခွင့်ပြုမည်မဟုတ်ကြောင်း စက်တင်ဘာ ၇ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၁ဝ၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် နယ်မြေလုံခြုံရေး အခြေအ နေအရ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်အတွက် ဒေသခံလူထုများ ဆန္ဒမဲထည့်ခွင့်ဆုံးရှုံးခဲ့ရပြီး လာမည့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့်ရွေးကောက်ပွဲတွင်လည်း ကျေးရွာအုပ်စုအချို့တွင် အခြေအနေအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသေးဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...