ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်အဖွဲ့စုံ စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၈ ရက်ညက မန္တလေးမှ မြဝတီမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်တွင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၈ရက် နံနက် ဆယ်နာရီခွဲနာရီခန့်က မြဝတီမြို့အဝင်သင်္ဃန်း ညီနောင်အဖွဲ့ စုံစစ်ဆေးရေးဂိတ်တွင် ယာဉ်များအား ရပ်တန့်ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် မန္တလေးမြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့်“မန္တလာမင်း”အနီရောင် မှန်လုံယာဉ်အား ရပ်တန့် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ယာဉ်၏ဝမ်းဗိုက် ခရီးသည်များပစ္စည်းထည့်သော နေရာ၌ ထည့်ထားသည့် ဒေါ်ညိုအမည် နှင့်ဖုန်းနံပါတ်ပါ တစ်တင်းခွဲ ပီနမ်အိတ်အတွင်း အလျား(၁)ပေ၊ အနံ(၆)လက်မရှိ ကျောက် စိမ်းတုံး(၁)တုံး၊ အ လေးချိန်(၁၆)ကီလိုနှင့်အလျား(၆)လက်မ၊ အနံ(၄)လက်မရှိ ကျောက်စိမ်းတုံး(၁) တုံး၊ အလေးချိန်(၅)ကီလို၊ မ အေးဝင်းနာမည်နှင့် ဖုန်းနံပါတ်ပါ တစ်တင်းခွဲ ဝင်ပီနန်အိတ်အတွင်း ကျောက်စိမ်းလက်ကောက်(၁၀)ကွင်းပါ အထုပ်(၂၈)ထုပ်၊ (၅)ကွင်းပါ(၁)ထုပ်၊ စုစုပေါင်း(၂၈၅)ကွင်း၊ အလေးချိန်(၂၁)ကီလို၊ ဒေါ်အေးကြိုင်အမည်နှင့် တစ်တင်းခွဲဝင် ပီနန်အိတ်အတွင်း ကျောက်စိမ်းပုတီး ကုန်း(၂၀၀)ကုန်း၊ အလေးချိန်(၃၇)ကီလို တို့ကို စစ်ဆေး တွေ့ရှိသိမ်းဆည်းရမိသည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ သိမ်းဆည်းရမိသော ပစ္စည်းများနှင့်ပတ်သက်၍ အဆိုပါယာဉ်နောက်လိုက် ကျော်ကျော် ဆန်းအား ရဲတပ် ဖွဲ့က စစ်ဆေးမေးမြန်းရာ ၎င်းပစ္စည်းများအား ကျွဲဆည်ကန် “မန္တလာမင်း”ဂိတ်တွင် ပစ္စည်းများ လက်ခံစဉ်က ယာဉ်မောင်းဖြစ်သူ ဦးညီညီမောင်မှာ သိရှိခြင်းမရှိဘဲ ယာဉ်နောက်လိုက်ဖြစ်သူမှ လက်ခံ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။
မြဝတီမြို့တွင် ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက“ ဒီပစ္စည်းတွေဟာ မဲဆောက်ကျောက်ပွဲစားတန်း ဈေးကွက်ကို သွားမှာဖြစ်ဖို့များတယ်။ မဲဆောက်ကျောက်ပွဲစားတန်း ဈေးကွက်မှာက နိုင်ငံတစ်ကာ ကုန်သည် ဝယ် လက်တွေကမှတစ်ဆင့် ဘန်ကောက်ဈေးကွက်နဲ့ တတိယနိုင်ငံဘက်ကို ထွက်ဖို့ ဖြစ်နိုင်တယ်။”ဟု သုံးသပ်သည်။
သက်ဆိုင်ရာဌာန၏ အထောက်အထားတစ်စုံတစ်ရာပါရှိခြင်းမရှိဘဲ ကျောက်စိမ်းတုံးများအားသယ်ယူပို့ဆောင် လက်ဝယ်ထားရှိသူ ယာဉ်နောက်လိုက် ဦးကျော်ကျော်ဆန်းနှင့် ပစ္စည်းပိုင်ရှင်(၃)ဦးတို့အား သင်္ယန်းညီနောင်နယ် မြေရဲစခန်း၏ (ပ)၅၉/၂၀၂၀၊ မြန်မာ့ကျောက်မျက်ရတနာ ဉပဒေပုဒ်မ ၄၂/၄၄ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။







