စအိုင်ဆူး — ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ယခုနှစ်အတွင်းကျင်းပမည့် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် လာမည့် အောက်တိုဘာလ ပထမအပတ်မှစ၍ ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံး၏ စက်တင်ဘာ ၉ ရက်ကြေညာချက်အရ သိရသည်။
လာမည့် အောက်တိုဘာ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် ကြိုတင်မဲပေးမှု ပြုလုပ်သွားမည်ဖြစ်သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုမဲဆန္ဒရှင်များ စာရင်းမရသေးသည့်အတွက် ကြိုတင်မဲ ဆန္ဒပေးရမည့်နေရာ၊ အချိန်နှင့် နေ့ရက်ကို ထုတ်ပြန်ချက်၌ သတ်မှတ်ကြေညာထားခြင်းမရှိသေး ကြောင်းတွေ့ရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြု မဲဆန္ဒရှင်များ စာရင်းရရှိပြီးပါက မဲဆန္ဒရှင်များစာရင်းနှင့် ကြိုတင်ဆန္ဒမဲပေးရမည့် နေရာ၊ အချိန်နှင့်နေ့ရက်တို့ကို ထပ်မံကြေညားပေးသွားမည်ဖြစ်ကြောင်း သံရုံးက ဆိုသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲအောင်မြင်စွာကျင်းပသွားနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးပွဲ ကာလအတွင်း သံရုံး၏ ပုံမှန် ကောင်စစ်ဆိုင်ရာလုပ်ငန်းများအား ခေတ္တရပ်နားထားမည် ဖြစ်ပြီး မြန်မာပြည်ဝင်ဗီဇာ ထုတ်ပေးခြင်း၊ မြန် မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်ခြင်း၊ ထောက်ခံစာများနှင့် အခြားကောင်စစ်ဆိုင်ရာ လုပ်ငန်း များ ကြိုတင်ဆန္ဒမဲပေးပွဲ ကာလမတိုင်မီ သို့မဟုတ် ယင်းကာလ နောက်ပိုင်းမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း သံရုံးက အသိပေး ကြေညာထားသည်။
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ၏ တရားဝင် မဲဆွယ်စည်းရုံးရေး ကာလကို စတင် လိုက်ပြီး နိုဝင်ဘာလ ၆ရက်နေ့အထိ သတ်မှတ်ပေးထားကြောင်းသိရသည်။







