သစ်တောဌာန တောမီးရှို့မှုမှ မီးလောင်ပျက်စီးသွားသည့် ဒေသခံဥယျာဉ်ခြံများ ပြန်လည်ထူထောင်ရန်ခက်ခဲနေ

သစ်တောဌာန တောမီးရှို့မှုမှ မီးလောင်ပျက်စီးသွားသည့် ဒေသခံဥယျာဉ်ခြံများ ပြန်လည်ထူထောင်ရန်ခက်ခဲနေ

စောမြတ်ဦးသာ — မွန်ပြည်နယ်၊ သထုံမြို့နယ် ဝက်ဝံတောင်သစ်တောကြိုးဝိုင်း ဧရိယာအနီး အစိုးရသစ်တောဌာနမှ စံပြသစ်တောစိုက်ခင်း အကောင် အထည်ဖော်ဆောင်ရွက်ရန် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က သစ်တောစိုက်ခင်း ၂ဝဝ ဧက ခုတ်ထွင်ရှင်းလင်းမီးရှို့ရာကနေ အနီးဝန်းကျင်ရှိ ဒေသခံများ၏ နှစ်ရှည်ဥယျာဉ်ခြံ ဧက ၁ဝဝ ကျော်ပါ မီးကူးစက်လောင်ကျွမ်းခဲ့သည့်အတွက် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ယနေ့အချိန်အထိ ပြန်လည် ထူထောင်ရန် ခက်ခဲနေသည်ဟု ဒေသခံများထံမှ သိရသည်။

မီးလောင်မှုကြောင့် ဓနုကျေးနယ်ဒေသများမှ နှစ်ရှည်စိုက်ပျိုးထားသည့် ဒူးရင်း၊ နာနတ်၊ မီးကွတ်၊ ကွမ်းပင်နှင့် ရာဘာပင် စုစုပေါင်း ၁၂၉ ဧက ထိခိုက်ပျက်စီးသွားခဲ့ပြီး နစ်နာသည့်တောင်သူ ၃၂ ဦးအတွက် သက်ဆိုင်ရာမှ ငွေကျပ် ၂၅ဝ သိန်းသာ ထောက်ပံ့ခဲ့သည့်အတွက် ၎င်းတို့၏ မူလဥယျာဉ်ခြံများ ပြန်လည်ထူထောင်ရန် ခက်ခဲနေသည်ဟု ခြံမီးလောင်ခံရသည့် ဒေသခံများက စက်တင်ဘာ ၂ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

“ ကျမ ရာဘာက ၁ဝ နှစ်ကျော်ပြီး စိုက်ထားတာ။ အစေးခြစ်လို့ရနေပြီ။ အပင် ၁,ဝဝဝ လုံး မီးလောင်သွားတယ်။ သူတို့ပေးတဲ့ငွေနဲ့က ဘယ် လိုမှပြန်ဖာထေးလို့ မရဘူးလေ။ ခြံကနေပဲ ဆန်၊ ဆီ၊ ဆား သုံးနေရတယ်။ အခုခြံမီး လောင်သွားတော့ ဘာမှမလုပ်တတ်တော့ဘူး။ စားဝတ် နေရေးလည်း ခက်ခဲသွားတယ်။  ပြန်ကြည့်ပေးစေချင်တယ်ပေါ့နော်” ဟု ရာဘာခြံမီးလောင်ခံရသူ ဓနုဒေသခံ နန်းနီလာထွေးက ပြောသည်။

ဥယျာဉ်ခြံမီးလောင်ခံခဲ့ရသည့် တောင်သူ ၃၂ ဦးအတွက် မွန်ပြည်နယ် အစိုးရပိုင်မြေ ဧက ၄ဝ နှင့် ကျပ်သိန်း ၈ဝဝ ကို နစ်နာကြေးအဖြစ် ထောက်ပံ့ပေးနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးအချို့က ဒေသခံများကိုပြောဆိုခဲ့ပြီးနောက် ဩဂုတ်လ ၁ ရက်နေ့တွင် တောင်သူ ၃၂ ဦးအတွက် သိန်း ၂၅ဝ ကျပ် လာရောက်ပေးအပ်ခဲ့သည်။ ဩဂုတ် ၂၈ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများအားလာရောက်တွေ့ဆုံကာ မိမိအနေဖြင့် နစ်နာမှုအတွက် မည်သည့်ကတိကဝတ်မှ မပေး ထားဟု တွေ့ဆုံမှုတွင် ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စောအောင်ကျော်သူက “ရေးမြို့နယ်မှာ နှစ်ကရင်(ရွာ)လမ်းဖောက်တယ်။ တစ်ဧကကို သိန်း ၈၀ နဲ့ လျော်ကြေးပေးတယ်။ အခုတစ်ခါ ကျိုက်ထိုမြို့ရှောင်လမ်းကို တစ်ဧက သိန်းရာနဲ့ချီ ပေးတာပေါ့နော်။ ကျနော်တို့ ကရင် တိုင်းရင်းသား တွေနေတဲ့ဒေသမှာမှ  ဒီလိုမျိုးလုပ်တာက ခွဲခြားဆက်ဆံသလိုဖြစ်တယ်။ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးသွားမယ်” ဟု စက်တင်ဘာ ၂ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။

မွန်ပြည်နယ်အစိုးရပိုင်မြေရှိ ရာဘာပင်များအား ခုတ်လှဲရောင်းချရရှိသည့်ငွေနှင့် ဘေးစီမံအလှူငွေအချို့မှ ယာယီထုတ်သုံးပြီး စုစုပေါင်း ငွေကျပ်သိန်း ၂၅ဝ ကို ဥယျာဉ်ခြံမီးလောင်ခံရသည့် တောင်သူများအား ထောက်ပံ့ပေးထားသလို ဆောင်ရွက်မှုအားနည်းသည်ဟု ယူဆရ သည့် သစ်တောဝန်ထမ်းတွေကိုလည်း အရေးယူမှုများလုပ်ဆောင်နေပြီးဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များထံမှ သိရ သည်။

မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမင်းကြည်ဝင်းက “ သစ်တောမီးရှို့ တဲ့အခါကျတော့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ခဲ့တာပေါ့နော်။ ဒါကတော့ မတော်တဆမှုလို့ ပြောလို့ရတာပေါ့ဗျာ။ သဘာဝပေး အန္တရာယ်ကျရောက်တယ်လို့ ဥပဒေအရ သတ်မှတ်ထားတယ်။ ပြည်နယ်အစိုးရအနေနဲ့ သင့်လျော်တဲ့ ကူညီထောက်ပံ့မှုပေးဖို့ တာဝန်ရှိတဲ့အတွက်ကြောင့် တောင်သူ ၃၂ ဦးအတွက် သိန်း ၂၅၀ ကို ကူညီထောက်ပံ့ပေးခဲ့တယ်။ ဆက်ပြီး ထောက်ပံ့သွားဖို့  လောလောဆယ်တော့မရှိသေးဘူး” ဟု စက်တင်ဘာ ၂ ရက်နေ့က ကေအိုင်စီ သို့ပြောသည်။

ဓနုကျေးနယ်ရှိ မီးကူးစက်လောင်ကျွမ်းခံရသည့် ဥယျာဉ်ခြံနေရာသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ ၁)  နယ်မြေလည်းဖြစ်ပြီး အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နစ်နာသွားသည့် ဒေသခံများအတွက် နယ်မြေခံတာဝန်ရှိသူများက ဗဟိုကို တင်ပြသွားမည်ဟု နယ်မြေခံ KNU တာဝန်ရှိသူက ပြောသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...