တပ်ဖွဲ့၏ဂုဏ်သိက္ခာအား ထိခိုက်နစ်နာစေရန် လီဆယ်တိုင်ကြားပြောဆိုသူအား အမှုဖွင့်သွားမည်ဟု DKBA ပြော

တပ်ဖွဲ့၏ဂုဏ်သိက္ခာအား ထိခိုက်နစ်နာစေရန် လီဆယ်တိုင်ကြားပြောဆိုသူအား အမှုဖွင့်သွားမည်ဟု DKBA ပြော

နေနော် — ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် -DKBAမှ အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးမှ မတရားဖမ်းဆီးပြီး သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရိုက်နှက်ခဲ့သည်ဟု တပ်ဖွဲ့၏ဂုဏ်သိက္ခာထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လီဆယ် တိုင်ကြားခဲ့သူ ကိုမျိုးဝင်းဆိုသူအား တည်ဆဲဥပဒေနှင့်အညီ အမှုဖွင့်တုန့်ပြန်ဆောင်ရွက်သွားမည်ဟု DKBA အဖွဲ့ က ပြောဆိုလိုက်သည်။

ဩဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံရှိ City home ခန်းမ၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် DKBA အဖွဲ့မှ တာဝန်ရှိသူများက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းက DKBA တပ်ဖွဲ့ ၉၀၇ တပ်ရင်းမှ ဗိုလ်ကြီးထက်မြက်သူနှင့် တပ်ဖွဲ့ဝင် ၂ ဦးမှ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်နေ ကိုမျိုးဝင်းဆိုသူအား နေရာတစ်ခုတွင်ချိန်းဆို၍ သေနတ်ဖြင့်ထောက်ကာ မျက်နှာအဝတ်စည်း၍ ကားဖြင့်တင်ဆောင်သွားပြီး မြို့ပြင်တစ်နေရာတွင် ဒူးထောက်ထိုင်ခိုင်း၍ ရိုက်နှက်ကာ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ကိုမျိုးဝင်းက ဩဂုတ်လ ၁၅ ရက်နေ့တွင် မီဒီယာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြောခဲ့သောအကြောင်းအရာများမှာ လွဲမှားနေပြီး ၎င်း၏ပြောဆိုမှုများသည် တပ်ဖွဲ့၏ ဂုဏ်သိက္ခာအား ထိခိုက်နစ်နာစေသည့်အတွက် ကိုမျိုးဝင်းအား တည်ဆဲဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရန် ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ တုန့်ပြန်ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးဝင်းမြင့်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။

စွပ်စွဲပြောဆိုခံရသူ DKBA မှ ဗိုလ်ကြီး ထက်မြက်သူက“ လူမှုရေး ကိစ္စတစ်ခုနဲ့ ကိုးမျိုးဝင်းကို မြဝတီမြို့အမှတ် ၄ ရပ်ကွက် အောင်ဇဗ္မူလင်းဟိုတယ်ရှေ့လမ်းမပေါ်မှာ ခေါ်တွေ့တယ်ဆိုတာ ဟုတ်ပါတယ်။ အကြောင်းအရာတစ်ခုကို မေးမြန်းရင်းနဲ့ စိတ်မရှည်လို့ ကျနော့်ရဲ့တပည့် နိုင်လင်းဆိုသူမှ ကိုမျိုးဝင်းကို ပါးသုံးချက်ရိုက်ဖို့ အမိန့် ပေးခိုင်းစေခဲ့ မိပါတယ်။ ပြီးတော့ နာရီဝက်ခန့်အကြာမှာ သူ့ကို ပြန်လွှတ် ပေးခဲ့တာပါ။ ကိုမျိုးဝင်း ပြောခဲ့သလို သေနတ်နဲ့ ထောက်တာတို့ ဖမ်းဆီးခေါ်ဆောင်သွားတာတို့ မလုပ်ခဲ့ပါ”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  

DKBA တပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး ထွန်းထွန်းကလည်း ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်သည် ပြည်သူကို အနိုင်ကျင့်ရန်မဟုတ်ကြောင်း၊ တပ်ဖွဲ့များ ပြည်သူကိုအမှန်တကယ်အနိုင်ကျင့်စော်ကားသည်မှန်ပါက တပ်ဖွဲ့၏ ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားဖြစ်ကြောင်း၊ ယခုဖြစ်စဉ်မှာ ၎င်းတို့ပုဂ္ဂိုလ်ရေးအချင်းချင်းကြား မကျေနပ်သည့်ကိစ္စကြောင့် DKBAတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားအောင်မဟုတ်မမှန် လုပ်ကြံပြောဆိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ DKBA တပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး ထွန်းထွန်း၊ DKBA တပ်ထောက်ဌာနမှ ဗိုလ်မှူးဝင်းမြင့်ဦး၊ မြဝတီအခြေစိုက် DKBA ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးဇော်မင်း၊ အမှတ် ၁ ကွပ်ကဲရေးဌာ နမှ ဗိုလ်ကြီးဒေါ်နော်ဒွဲကျော့ဖောနှင့် တပ်ဖွဲ့ဝင်များ၊ သတင်းမီဒီယာများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...