ခွေးကိုက်ခံခဲ့ရသည့် ဖာပွန်ဒေသခံ ၅ ဦးထဲမှ နောက်ဆက်တွဲ ၂ ဦး သေဆုံး

ခွေးကိုက်ခံခဲ့ရသည့် ဖာပွန်ဒေသခံ ၅ ဦးထဲမှ နောက်ဆက်တွဲ ၂ ဦး သေဆုံး

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း ဇွန်လိုင်လ ၂၀ရက်နေ့က ဖြစ်ပွားခဲ့သည့် တစ်ရက်အတွင်း ခွေးနှစ်ကောင် အကိုက်ခံခဲ့ရသော မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ရှိ ဒေသခံရွာသား (၅)ဦး အနက် (၂)ဦးမှာ သေဆုံးသွားပြီးဖြစ်ကြောင်း ဒေသခံ တာဝန်ရှိသူများမှ အတည်ပြုပြောဆိုသည်။

လူသောမြို့နယ်အတွင်းရှိ သေးသူခီးရွာသား (၃)ဦးနှင့် တယူခီးရွာသား (၂)ဦးတို့ကို ဒေသခံများ၏ သာမန်အိမ် မွေးခွေးများမဟုတ်သည့် ခွေးနှစ်ကောင်မှ ကိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းရွာသားများအနက် အသက်(၄၅)နှစ် အရွယ် သေးသူခီးရွာသား စောကော်ရေထူးသည် သြဂုတ်လ(၁၈)ရက်နှင့် အသက် (၆၀)နှစ်အရွယ် တယူခီးရွာသား စောအဲစယ်မှာ သြဂုတ်လ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည် များဆိုင်ရာကော်မတီ (Committee for Internally Displaced Karen People -CIDKP)၏ မူတြော်ခရိုင် တာဝန်ခံနော်ချယ်ရီက ပြောသည်။

၎င်းက“သေသွားတဲ့သူတွေက သွားရည်ယိုကျတယ်၊ ရင်ကြပ်တယ်။ ခေါင်းမူးတယ်၊ မျက်လုံးမိုက်သွားတယ်။ ပျို့အန်တယ်။ အံစိသွားတာမျိုးဖြစ်ပြီး သေသွားကြတယ်။ ကျန်တဲ့လူတွေတော့ မဖြစ်သေးဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

သေဆုံးသွားသူ စောကော်ရေထူးမှာ ခြေသလုံး၌အကိုက်ခံလိုက်ရခြင်းဖြစ်ကာ စောအယ်စဲမှာ လက်၊ ပေါင်၊ ခြေထောက်၊ ခါးနှင့် လည်ပင်းတို့တွင် အကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကို သာမန်ခွေး ကိုက်လျှင် ထိုးပေးသော ကာကွယ်ဆေးကို ထိုးပေးထားသော်လည်း ယခုလို သေဆုံးခဲ့ခြင်းကြောင့် ခွေးရူးကိုက်ခံရခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW တာဝန်ခံ ပဒိုစောဒိုင်းမွန်ခင်က “ဆေးဆရာတစ်ယောက် သုံးသပ်ပြတာ ကိုက်သွားတဲ့ ခွေးပုံသဏ္ဍာန်တွေက သာမန်ခွေးနဲ့ မတူဘူး တစ်ချက်ပေါ့။ ပထမ သေသွားတဲ့ တစ်ယောက်က ဘယ်လိုပုံစံသေသွားလဲဆိုတာမသိပေမဲ့ ဒီရောဂါလက္ခဏာတွေအရ သေသွား တယ်ဆိုရင် ဒါကခွေးရူးကိုက်တဲ့ ရောဂါ လက္ခဏာရပ်ပဲ။”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ အကိုက်ခံရသူ(၅)ဦးစလုံးကို သာမန်ခွေးကိုက်လျှင် ထိုးပေးသော ကာကွယ်ဆေးကို ထိုးပေးထားပြီး ၎င်းဆေးများမှ ဝယ်ယူရလွယ်ကူသလို ဈေးသက်သာသော်လည်း ခွေးရူးကာကွယ်ဆေးမှာမူ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဈေးကြီးပြီး ဝယ်ယူရခက်ခဲသဖြင့် ဆေးရုံ ဆေးခန်းများတွင်သာ ထိုးပေးကြောင်းလည်း  ပဒိုစောဒိုင်းမွန်ခင်က ဆက်ပြောသည်။

ထို့အပြင် လက်ရှိ လူနှစ်ဦးအထိ သေဆုံးသွားပြီး ဖြစ်၍ သေဆုံးရသည့် ရောဂါလက္ခာဏာရပ်များမှာလည်း ခွေးရူး ရောဂါလက္ခဏာရပ်များအဖြစ် အတည်ပြုနိုင်သောကြောင့် ၎င်းကိစ္စရပ်အပေါ်ကျန်ရှိသူများအတွက် ဆွေးနွေး အဖြေရှာသွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။

လက်ရှိတွင် အကိုက်ခံရသူများအနက် ပေါင်နေရာ၌ အကိုက်ခံခဲ့ရသူ သေးသူခီး ဒေသခံ အမျိုးသမီး အသက်(၄၂)နှစ်အရွယ် နော်ဘူးကြာအပြင် အသက် (၅၀)နှစ်အရွယ် စောကော်ဝါးထူးမှာ လုံချည်အဆွဲခံခဲ့ရပြီး လက်နှင့် ခြေထောက်တို့၌ အကိုက်ခံခဲ့ရသည့် အသက် (၁၆)နှစ်အရွယ် တယူခီးရွာသား စောကော်သူးတို့ ၃ဦး ကျန်ရှိသေးကြောင်း သိရသည်။

ကိုက်သွားသည့် ခွေးနှစ်ကောင်အနက် တစ်ကောင်ကိုပစ်သတ်နိုင်ခဲ့သော်လည်း ကျန်တစ်ကောင်မှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု ကေအဲန်ယူဒေသအတွင်း တာဝန်ရှိသူများက ဖြစ်စဉ်ဖြစ်ပွားမှုအပြီး ပြောဆိုထားပြီး ယင်းသို့ ပစ်သတ်ဖမ်းဆီးမိသော ခွေးမှာရပ်ရွာတွင်းမှ ခွေးများမဟုတ်ဘဲ အခြားဒေသမှ ယူဆောင်လာသောခွေးဖြစ်ကြောင်း ဒေသခံများက အတည်ပြုထားကြသည်။

ထို့အပြင် အခင်းဖြစ်ပွားသည့် ရွာနှစ်ရွာအနီးတွင် မြန်မာစစ်တပ်၏ ခေးပူတပ်စခန်း တည်ရှိနေသလို ယခင် ကလည်း မြန်မာစစ်တပ်သည် ရှေ့တန်း တပ်စခန်းများသို့ ခွေးရူးများကို သယ်ဆောင်လာကာ ပဋိပက္ခဖြစ်ပွား သည့်ဒေသများတွင် လာရောက်လွှတ် ထားခြင်းများရှိခဲ့ဖူးကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဌာနချုပ်၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြီးခဲ့သည့်လများက ဖော်ပြပြောဆိုထားသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...