၂၀၁၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု KECD မှ စောဆာနေသော ရရှိ

၂၀၁၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု KECD မှ စောဆာနေသော ရရှိ
Photo: KIC
Photo: KIC

၂၀၁၉ ခုနှစ်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်း ရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားနေသူ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)မှ စောဆာနေသော ရရှိသွားကြောင်း ဖန်းဖောင်ဒေးရှင်းက သြဂုတ် ၁၁ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၀၈ ခုနှစ်မှ စတင်ပေးအပ်သည့် အဆိုပါဆုအတွက် ကိုယ့်ကျိုးမဖက်ဘဲ အများအကျိုးအတွက် ဦးဆောင်လှုပ်ရှားဆောင်ရွက်နေသူ မည်သည့် ကရင်လူငယ်ကိုမဆို ရွေးချယ်ပေးအပ်သွားခြင်းဖြစ်ပြီး ယခုနှစ် ဆုရွေးချယ်မှုနှင့်ပတ်သက်၍ ပဒိုမန်းရှာလားဖန်း၏သားကြီး ပဒိုစောစေးစေးဖန်းက ယခုလို ပြောသည်။

“အဆင့်ဆင့်သော သူရဲ့ ဖြတ်သန်းမှုနဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် သူဟာ အရည်အချင်းရှိပြီး အမျိုးသားရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ လုပ်ဆောင်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲဒါကြောင့် သူဟာဂုဏ်ပြုထိုက်သူတစ်ယောက်ဖြစ်ပါတယ်။”ဟု သူက ကေအိုင်စီသို့ ပြောသည်။

မူတြော်ခရိုင် (ဘူးသို)မြို့နယ် ဇာတိစောဆာနေသောသည် လက်ရှိတွင် ကရင်ကျောင်းသားကွန်ယက်( KSNG) အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သလို ကရင်ပညာရေးနှင့် ကယ်ဆယ်ရေးဌာနတွင်လည်း သင်တန်းနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်။

သူသည် ကရင်ကျောင်းသားလူငယ်များ ဦးဆောင်မှုအခန်းကဏ္ဍများတွင် ပိုမိုပါဝင်လာရေးနှင့် ကရင့်အမျိုးသား အပညာရေး ဖ့ွံဖြိုးတိုးတက်ရေးနှင့် အသိအမှတ်ပြုခံရရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေသူတစ်ဦး လည်းဖြစ်သည်ဟု သိရသည်။

ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုး တက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စသည့်ကရင်လူမျိုးတို့၏ လိုအပ် ချက်များကို အထောက်အကူဖြစ်အောင် စွမ်းစွမ်းတမံလုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ် များအား ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်းဆုကို ကေအဲန်ယူ ဖားအံခရိုင်တွင် သြဂုတ် ၁၂ရက်နေ့တွင် ကျင်းပမည့် ၇၀ နှစ်မြောက် ကရင် အမျိုးသားအာဇာနည်နေ့အခမ်းအနား၌ ဂုဏ်ပြုလက်မှတ်နှင့် အတူ အမေရိကန်ဒေါ်လာ ၃,၀၀၀ ဖြင့် ပေးအပ်ချီး မြှင့်သွားမည်ဟု ဖန်းဖောင်ဒေးရှင်းက သတင်းထုတ် ပြန်ထားသည်။

ဆုချီးမြင့်ရွေးချယ်ခံရသည့်အပေါ် စောဆာနေသောက “ဒီဆုရတဲ့အတွက် ဝမ်းသာတယ်။ ကျနော် တစ်ယောက် ထဲ မဟုတ်ပါဘူး။ ကျနော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကြောင့် ဒီဆုကို ရတာပါ။  ပညာရေးဆိုတာ လူမျိုးတစ်မျိုး တည်တံ့ဖို့က အရေးကြီးတဲ့အတွက် ရတဲ့ဆုငွေတွေကို ကရင့်ပညာရေးအတွက် ကျနော်ပြန်ပြီး အသုံးချသွား မှာပါ။”ဟု ပြောသည်။

ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အမည်မသိ သေနတ်သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရသော KNU-အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလား ဖန်းနှင့် ကွယ်လွန်သူ နမ့်ကျင်ရွှေတို့အား ဂုဏ်ပြုသည့်အနေဖြင့် ကျန်ရစ်သူ သားသမီးများ ဖြစ်ကြသော စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ̕လုံ့ဖန်းတို့က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်မှစ၍ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ညောင်လေးပင်ခရိုင်မှ နော်ဖောကဘလာထူး၊ ဖာပွန် ခရိုင်မှ စောညွန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ နော်ဒီဇင်ဘာဖော၊ Free Burma Ranger အဖွဲ့မှ စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG)မှ နမ့်သန္တာအောင်၊ ကရင် အမျိုးသမီး အစည်းအရုံး(KWO)မှ နော်ကညောဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ နော်ဆာမူး၊ Hpa-An Youth Network မှ စ̕ ရှိုင်းနှင့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် ကရင်စာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသူ စ̕သူလှိုင်ဝင်းတို့ကို အသီးသီးပေးအပ်ခဲ့သည်။

၎င်းအပြင် ၂၀၁၇ခုနှစ်အတွက် အဆိုပါ လူငယ်ခေါင်းဆောင်ဆုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လူမှုရေး လုပ်ငန်းလုပ်ဆောင်နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)မှ စောအဲသိုနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားနေသူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ နော်ဆဲဆဲ တို့နှစ်ဦးကို ပူးတွဲချီးမြှင့်ခဲ့သည်။ ၂၀၁၈ခုနှစ် အတွက်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်း ဒေသတို့တွင် စစ်ဘေးဒဏ်ခံရသည့် ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ကယ်ဆယ်ရေးလုပ်ဆောင်နေသူ Free Burma Ranger (FBR) ဆေးမှူး စောဂျိုးဇက်ကို ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...