စောထွန်းလင်း — ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇၈ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၇၀ ၌ ရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သံတောင်ကြီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ စောကားရှယ်က ကေအိုင်စီသို့ သြဂုတ် ၁၀ ရက်နေ့တွင် ပြောသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သံတောင်ကြီးမြို့နယ်အတွင်း အမည်ပေါက် ကျေးရွာအုပ်စု ၇၈ အုပ်စုရှိသည့်အနက် ၆၉ အုပ်စု၌ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ၉ အုပ်စုမှာရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော်လည်း ယခုလာမည့် ရွေးကောက်ပွဲတွင်မူ ကျေးရွာအုပ်စု တစ်စုထပ်တိုးကာ စုစုပေါင်း ကျေးရွာအုပ်စု ၇၀ ၌ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု မြို့နယ်ရွေး ကောက်ပွဲကော်မရှင်က ပြောသည်။
“ရွာကတော့ အများကြီးရှိတယ်။ ကျေးရွာအုပ်စုအနေနဲ့က ၂၀၁၅ မှာမလုပ်နိုင်တာ ၉ အုပ်စုရှိတယ်။ ဒီနှစ်က ကျေးရွာအုပ်စု တစ်စု တက်လာတယ်။ ၇၀ လုပ်ဖြစ်တယ်။ ၈ အုပ်စု မလုပ်ဖြစ်ဘူး။ မလုပ်ဖြစ်တဲ့ ၈ အုပ်စုမှာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးဖွဲ့စည်းနိုင်သော ကျေးရွာအုပ်စု တခုလည်းပါတာပေါ့။ သဘောက ၂၀၁၅ ကတည်း က ရွေးကောက်ပွဲ မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ခန့်ထားတာတော့ရှိတာပေါ့နော်” ဟု သံတောင်ကြီးမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ စောကားရှယ်က ပြောသည်။
သံတောင်ကြီးမြို့နယ်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်၊ တပ်မဟာ ၂ ထိန်းချုပ် နယ်မြေများ လည်းရှိသည့်အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရုံတည်နေရာများကို အခြေပြုကာ ကျေးရွာအုပ်စု ၇၀ ၌ ရွေး ကောက်ပွဲပြုလုပ်သွားရန် စီစဉ်ထားခြင်းဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ယခုလို ကျေးရွာအုပ်စု တစ်စု ထပ်တိုးကာ ရွေးကောက်ပွဲ ကျင်းပသွားရန် ရှိသော်လည်း ရပ်ကျေး ကော်မရှင် အဖွဲ့ခွဲ များထံသို့ ကန့်ကွက်မှုများရှိပါက မြို့နယ်ကော်မရှင်က သွားရောက်ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး အဆင်မပြေပါက မဲရုံရွှေ့ပြောင်းပေးရမည့် အခြေအနေများလည်းရှိသည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဆက်ပြောသည်။
လက်ရှိ ရွေးကောက်ပွဲ မဲစာရင်း၊ မဲရုံစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ကေအဲန်ယူ၊ တောင်ငူခရိုင်သို့ တစ်စုံတရာ လာရောက် ညှိနှိုင်းခြင်းမျိုးမရှိသေးကြောင်း ကေအဲန်ယူ၊ တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ သြဂုတ် ၁၀ ရက်နေ့တွင် ပြောသည်။
“ လောလောဆယ် ရွေးကောက်ပွဲကိစ္စ လာရောက် ပြောဆိုညှိနှိုင်းတာ မရှိသေးဘူး။ ကိုယ့်ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကတော့ အုပ်ချုပ်ရေးချဲ့ထွင်မယ့်သဘော ဆောင်တာပေါ့။ ကေအဲန်ယူ တောင်ငူခရိုင်ရဲ့ ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ကတော့ ခွင့်ပြုဖို့မရှိသေးပါဘူး” ဟု တောင်ငူ၊ ခရိုင် ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက ပြောသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ ၇ မြို့နယ်စလုံးရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပရန် အခြေအနေမရှိကြောင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေငြာချက် အမှတ် ၆၂/၂၀၁၅ တွင် ဖော်ပြထားသည်။







