ကပ်ရောဂါ တုန့်ပြန်ဆောင်ရွက်မှုကို ပဋိပက္ခဒေသတွင် ပိုမိုအလေးထားဆောင်ရွက်ပေးရန် ND-Burma တိုက်တွန်း

ကပ်ရောဂါ တုန့်ပြန်ဆောင်ရွက်မှုကို ပဋိပက္ခဒေသတွင် ပိုမိုအလေးထားဆောင်ရွက်ပေးရန် ND-Burma တိုက်တွန်း

စအိုင်ဆူး — COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု မြှင့်တက်ချိန်တွင် အစိုးရ၏တုန့်ပြန်ဆောင်ရွက်မှုများသည် ပဋိပက္ခ ဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် အားနည်းနေပြီး ပိုမိုအလေးထားဆောင်ရွက်ပေးရန် လူ့အခွင့်အရေး မှတ်တမ်းကွန်ယက်(မြန်မာ)(ND-Burma) က ယနေ့( သြဂုတ်လ ၇ရက်)တွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် တောင်းဆိုလိုက်သည်။

“ဆုတ်ယုတ်သွားသော အခွင့်အရေးများ” အမည်ဖြင့် ထုတ်ပြန်သည့် ၎င်းအစီရင်ခံစာ၌ လက်ရှိကပ်ရောဂါ ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံ၏ အစွန်အဖျားဒေသနှင့်ပဋိပက္ခ ဖြစ်ပွားရာဒေသများရှိ ဒေသခံတိုင်းရင်းသားများထံသို့ ကပ်ရောဂါ တုန့်ပြန်ဆောင်ရွက်သည့် အကူအညီများ လက်လှမ်းမီမှု အားနည်းနေသလို လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများမှ လူ့အခွင့်အရေးချိုးဖောက်မှုများခံနေကြရကြောင်း ND-Burma က ဆိုသည်။

ကွန်ယက်၏ ပြောခွင့်ရ နိုင်အဲမွန်က “လက်ရှိ စစ်ဘေးဒုက္ခရောက်နေတဲ့ ဒေသတွေမှာ ကပ်ဘေးရောဂါ ကာလ အတွင်းမှာ ပိုပြီးတော့ ထိခိုက်လွယ်ပြီး အသံမဲ့နေတဲ့ အုပ်စုတွေအတွက် ပိုပြီးတော့ သက်ရောက်မှုကြီးတယ်။ ကပ်ရောဂါနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုန့်ပြန်မှုတွေက အထူးသဖြင့် ဒီ အစွန်အဖျားဒေသနဲ့ စစ်ဘေး ဒုက္ခရောက်နေတဲ့ ပြည်သူတွေအပေါ်မှာ ညီမျှမှုမရှိဘူး။ နောက်ပြီး အထောက်အပံ့တွေကလည်း တုံ့ဆိုင်းနှေးကွေး နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကပ်ရောဂါ ကာလအတွင်း ရခိုင်နှင့် ချင်းပြည်နယ် ဒေသများတွင် အင်တာနက်လိုင်းများ ဖြတ်တောက်မှုများနှင့် သတင်းမီဒီယာသမားများအား ဖမ်းဆီးအရေးယူမှုများပြုလုပ်ခြင်းဖြင့် ၎င်းဒေသရှိ ဒေသခံတိုင်းရင်း သားများအနေဖြင့် သတင်းအချက်အလက်ရရှိပိုင်ခွင့် ဆုံးရှုံးနေခြင်းနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကပ်ရောဂါ တုန့်ပြန်မှုအပေါ် မြန်မာစစ်တပ်၏ နှောင့်ယှက်ဖျက်ဆီးမှုများအပြင် ဒေသခံတိုင်းရင်းသားများအပေါ် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုဖြစ်ပွားလာကြောင်း အစီရင်ခံစာ၌ ထောက်ပြထားသည်။

တစ်လခွဲကျော်ကြာ ပြုစုထားသည့် အဆိုပါ အစီရင်ခံစာထဲတွင် တိုင်းဒေသကြီး အပါအဝင် ပြည်နယ်အလိုက် အစိုးရအာဏာပိုင်များ၏ ကပ်ရောဂါ တုန့်ပြန်ဆောင်ရွက်မှုများတွင် ဝေးလံခေါင်ဖျားသည့် ဒေသများ၌ အကူအညီ အထောက်အပံ့များရရှိမှု အားနည်းနေခြင်းများ၊ အစိုးရ တပ်စခန်းများ တိုးချဲ့လာမှုအခြေအနေများကို လည်း ဖော်ပြထားပြီး တိုင်းရင်းသားဒေသ၏ ဒေသခံကပ်ရောဂါ တုန့်ပြန်ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်များကိုပါ သုံးသပ်စီရင်ထားသည်။

“အဓိကက နိုင်ငံတော်အစိုးရရဲ့ တိုင်းရင်းသားဒေသတွေမှ ရှိတဲ့ ပြည်သူလူထုတွေအပေါ်မှာ နည်းနည်းအာရုံစိုက်ပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပံ့ပိုးမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ အဲ့လိုဆောင်ရွက်တဲ့ နေရာမှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရောဂါထိန်းချုပ်ရေးမှာ ပါဝင် ဆောင်ရွက်နေတဲ့ Service Provider တွေရှိတယ်။ သူတို့နဲ့ အတူပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ အထူးပဲ တိုက်တွန်းထားပါတယ်” ဟု နိုင်အဲမွန်က ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကိုဗစ်ကာလအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင် မိသားစုဝင်များ၏ စားဝတ်နေရေးအတွက် ငွေကြေးထောက်ပံ့မှုများပေးအပ်ခဲ့ရာ သျှမ်းနှင့်ကရင် လက်နက်ကိုင်အဖွဲ့မှလွဲ၍ ကျန်အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း(၈) ဖွဲ့မှ လက်ခံရယူခဲ့ကြောင်းသိရသည်။

အလားတူ အစိုးရ ၊ တပ်မတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ပဋိပက္ခဒေသများသို့ ကပ်ရောဂါ တုန့်ပြန်မှု အစီအစဉ်များတွင် တိုင်းရင်းသားဒေသများသို့ ပိုမိုအလေးထားရန်အပြင်၊ တပ်မတော်တပ်စခန်းများ ရုပ်သိမ်းပေးရေး ၊ အားလုံးပါဝင်သည့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရေး၊ လူသားချင်းစာနာသည့် အကူ အညီထောက်ပံ့မှုများ ကန့်သတ်ခြင်းအပေါ် ရုပ်သိမ်းပေးရေးအပါအဝင် ကူညီထောက်ပံ့မှုများကို အမှန်တကယ် လိုအပ်သူများထံသို့ ရောက်ရှိစေရန် နိုင်ငံတကာအဖွဲ့အစည်းများမှ ဖိအားပေးရန်ကိုလည်း အစီရင်ခံစာ၌ ဆက်လက်တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေး မှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်အတွက် နည်းလမ်းတရပ် ဖြည့်ဆည်းပေးသောအားဖြင့် ၂၀၀၄ ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာ) (ND-Burma) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နယ်စပ်နှင့်တိုင်းရင်သားဒေသအခြေစိုက် လူ့အခွင့်ရေးနှင့် အမျိုး သမီး၊ လူငယ်အဖွဲ့အစည်းပေါင်း (၉)ဖွဲ့ဖြင့် ကွန်ရက်ဖွဲ့စည်းထားသလို အခြားသော အရပ်ဖက်အဖွဲ့အစည်း(၄) ဖွဲ့ဖြင့်လည်း ဆက်စပ်လုပ်ဆောင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...