အလုပ်ဆင်းခွင့်မရသေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အလုပ်ပိတ်ရက်ထပ်တိုး၍ စားဝတ်နေရေး အခက်အခဲရှိနေ

အလုပ်ဆင်းခွင့်မရသေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အလုပ်ပိတ်ရက်ထပ်တိုး၍ စားဝတ်နေရေး အခက်အခဲရှိနေ

စအိုင်ဆူး - COVID-19 ကပ်ရောဂါကြောင့် နှစ်လကျော်ကြာ ပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်ကုရပ် ကွက် ၇ ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေသော အားကစားအထည်ချုပ်စက်ရုံကို အလုပ်ရှင်ဘက်မှ ပိတ်ရက် ၃လ ထပ်တိုးသတ်မှတ်ခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲရှိနေကြောင်း အလုပ်သမားများက ပြောသည်။

ကပ်ရောဂါကြောင့် ပြီးခဲ့သည့် မေလ ၂၆ရက်မှ သြဂုတ်လ ၁ရက်နေ့အထိ အဆိုပါ စက်ရုံကို ပိတ်ထားခဲ့ရာမှ ပိတ်ရက်ပြည့်၍ အလုပ်သမားများ အလုပ်ပြန်ဆင်းချိန်တွင် အလုပ်ဆင်းခွင့်မပြုဘဲ အလုပ်ပိတ်ရက်ကို လာမည့် အောက်တိုဘာလကုန်အထိ ထပ်တိုးလိုက်ကြောင်း အလုပ်သမားခေါင်းဆောင် မောင်တင့်နိုင်ထွန်းက ကေအိုင်စီသို့ ယခုလိုပြောသည်။

“ကျနော်တို့ မနေ့က လုပ်ငန်းရှင် ကိုယ်စားလှယ် မန်နေဂျာနဲ့ ဆွေးနွေးတာ ပကန်(လူမှုဖူလုံရေးကဒ်)ရှိတဲ့သူက ကျတော့ ကိစ္စမရှိဘူးပေါ့။ စားဝတ်နေရေးချောင်လည်သွားမယ်။ ဒီ Border pass ကိုင်ဆောင်ထားတဲ့ လုပ်သား လေးရာ(၄၀၀)ကျော်ကျတော့ လုပ်ငန်းရှင်ဘက်က တစ်စေ့တစ်စောင်းပြန်ငဲ့စေချင်တယ်လို့ ကျနော်တို့က တောင်းဆိုတယ်။ သူတို့က ဆာဝါဒီကန် (ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး)တွေရဲ့ ရှေ့မှာပဲ မပေးနိုင်ဘူးပြောတယ်။ သူတို့က ဥပဒေအရ ပေးပိုင်ခွင့်လည်း မရှိဘူးပေါ့။ ဒီ Border pass တွေကလည်း ဥပဒေအရ အကျိုးခံစားခွင့် ဘာမှမရှိဘူး” ဟု ပြောသည်။

မြန်မာအလုပ်သမားများအနေဖြင့် သတ်မှတ်အလုပ်ပိတ်ရက် မေလ ၂၆ရက်မှ သြဂုတ်လ ၁ရက်နေ့အထိ အချိန်စေ့၍ ပြီးခဲ့သည့် သြဂုတ်လ ၃ရက်နေ့တွင် စက်ရုံသို့ အလုပ်ပြန်ဆင်းကြရာတွင် အလုပ်ဆင်းခွင့်မရကြဘဲ ပိတ်ရက်သက်တမ်းတိုးလိုက်ခြင်းအပေါ် ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွင် ညှိနှိုင်းဖြေရှင်းကြရာ အလုပ်သမားများ၏ အကူအညီပေးရေး တောင်းဆိုချက်များကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၆၀၀) ကျော်အပြင် ထိုင်းအလုပ်သမားများလည်းဝင် ရောက်လုပ်ကိုင်နေကြရာ လက်ရှိတွင်ထိုင်းအလုပ်သမားဦးရေ (၂၀)ဦးကျော်ကို အလုပ်ဆင်းခွင့်ပေးထားကြောင်း အလုပ်သမားခေါင်းဆောင် မောင်တင့်နိုင်ထွန်းက ဆက်ပြောသည်။

အလားတူ ၎င်းစက်ရုံအလုပ်သမားများအနက် အလုပ်သမား တစ်ရာကျော်သည် အလုပ်ရုံ၏အဆောင်တွင်နေထိုင်ကြပြီး အဆောင်မှ (၇)ကြိမ်အထိ မောင်းထုတ်ခံခဲ့ရဖူးကြောင်းနှင့် ရေ၊ မီးဖြတ်တောက်ခံရသည့်အပြင် ယခင်က လုပ်ခလစာ အပြည့်အဝ မရရှိသည့်အပေါ် နစ်နာကြေးအပြည့်အဝ မရရှိခဲ့ကြောင်းလည်း အလုပ်သ မားများက ဆိုသည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အခုလို ကိုဗစ် အကြပ်အ တည်းကာလမှာပဲဖြစ်ဖြစ် ကိုဗစ်ကိုလွန်မြောက်သွားရင် နောက်နောင် အလုပ်ရှင် အလုပ်သမား ပြဿနာ မပေါ် ပေါက်အောင် အလုပ်ရှင် အလုပ်သမားတွေ့ပြီး အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲရှိရင် အလုပ် ရှင် က မိဘနေရာမှာနေပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိတဲ့ အခြေခံစားကုန်တွေပေးရမယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေကို တာဝန်ယူပေးရမယ်။ အဲ့ဒါတွေက ပကန်ရှိခြင်းမရှိခြင်းထက် အလုပ်ရှင်ရဲ့ ဂရုဏာတရားရှိခြင်းကို ပြသရမှာဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

မဲဆောက်မြို့နယ်အတွင်း တရားဝင်မှတ်ပုံတင်ထားသည့် စက်ရုံပေါင်း ၄၄၅ ရုံရှိကာ ၄၀ ရာခိုင်နှုန်းသည် အထည်ချုပ်စက်ရုံများဖြစ်ပြီး တရားဝင် စာရင်းများအရ အထည်ချုပ် အလုပ်သမားပေါင်း လေးသောင်းကျော် ရှိသည်။  တာ့ခ်ခရိုင်တခုလုံးအနေဖြင့် မြန်မာအလုပ်သမား လေးသိန်းကျော်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...