ထိုင်းရောက်ကရင်များ မဲထည့်နိုင်ရေး သံရုံးအရာရှိများ လာရောက်တွေ့ဆုံရှင်းလင်း

ထိုင်းရောက်ကရင်များ မဲထည့်နိုင်ရေး သံရုံးအရာရှိများ လာရောက်တွေ့ဆုံရှင်းလင်း

စအိုင်ဆူး - လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ကရင်တိုင်းရင်းသား များအနေဖြင့် ဆန္ဒမဲထည့်နိုင်ရေးအတွက် ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက ဇူလိုင် ၂၈ ရက်နေ့ ဘန်ကောက်မြို့တွင် တွေ့ဆုံရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်ဆန္ဒမဲထည့်နိုင်ရန် လိုအပ်သည့် ပုံစံ (၁၅)တွင် ဖြည့်သွင်းရမည့်ပုံစံကို ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်နှင့် ဦးရဲရန်အောင်တို့နှစ်ဦးမှ တွေ့ဆုံ ရှင်းလင်းပေးခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုကို စီစဉ်ပေးသူ ပြည်ပရောက် ကရင်လူမှုစောင့်ရှောက်ရေး အဖွဲ့(OKRSO)မှ စောစိပ်ပလောင်က ပြောသည်။

၎င်းက “သံရုံးက အခု ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ပမှာရောက်ရှိနေတဲ့ ကျနော်တို့ ကရင် တိုင်းရင်းသားတွေကို ပါဝင်ပြီးတော့ မဲထည့်စေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် အခုဘန်ကောက်မှာ ရောက်ရှိနေတဲ့ ကရင်အဖွဲ့အစည်းခေါင်းဆောင်ပိုင်းတွေကို ခေါ်ယူပြီးတော့မှ ကျနော်တို့ မဲထည့်နိုင်ဖို့ နဲ့ မဲထည့်ရမယ့် ရည်ရွယ်ချက်တွေရယ် မဲထည့်ရမယ့်ပုံစံတွေကို လာပြီးတော့ ပညာပေးသွားတယ်” ဟု ကေအိုင်စီ သို့ပြော သည်။

တွေ့ဆုံမှုကို OKRSO အဖွဲ့၏ ဦးဆောင်စုစည်းခေါ်ယူပေးမှုဖြင့် ဘန်ကောက်မြို့တွင် ရောက်ရှိနေကြသည့် ကရင်တိုင်းရင်းသား ၁၀၀ နီးပါးတက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲကိစ္စရပ်အပါအဝင် အလုပ်သမားများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ထည့်သွင်းရှင်းလင်းပြောကြားခဲ့ကြောင်းလည်း  တေွ့ဆုံမှု တက်ရောက်ခဲ့သူများက ပြောသည်။

လာမည့် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲကို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်ဆန္ဒမဲ ထည့်နိုင်ရန်အတွက် ပုံစံ(၁၅)ကို ဖြည့်သွင်းလျှောက်ထားသွားရမည်ဖြစ်ပြီး ယခုလ ၁၆ရက်မှ လာမည့် သြဂုတ်လ ၅ရက်နေ့အတွင်း ပြန်လည်ပေးပို့သွားရမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ဇူလိုင် လ ၃ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ထည့်နိုင်ရေး လျှောက်ထားရမည့် ပုံစံ (၁၅) ဆိုင်ရာ အချက်အလက်များ၊ သံရုံးမှ ပုံစံ (၁၅) လက်ခံရရှိမှု စာရင်း များ၊ ထိုင်းနိုင်ငံရောက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများနှင့် ကြိုတင်ဆန္ဒမဲပေးရမည့် နေ့ရက်၊ အချိန်နေရာ စသည့်သတင်းအချက်အလက်များကို သံရုံး၏ ဝက်ဆိုက် (www.mabangkok.org) နှင့် သံရုံး၏ ဖေ့စ်ဘွတ်စာမျက်နှာ Myanmar Embassy Bangkok တို့တွင် အသိပေးသွားမည်ဖြစ်ကြောင်းလည်း မြန်မာသံရုံးက ယနေ့ ထုတ်ပြန်ကြေညာထားသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...