သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးကို အစိုးရတာဝန်ရှိသူများက တရားစွဲဆိုထားမှု ခြွင်းချက်မရှိ ရုပ်သိမ်းပေးရန် ကရင်ပြည်နယ်အခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်း (CSO) ၃၃ ဖွဲ့က မတ် ၁၈ ရက်စွဲဖြင့် သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။
“(ပြည်နယ်အစိုးရက) မကြိုက်နှစ်သက်ဘူးဆိုရင် (စောသာဘိုးကို) ခေါ်ယူဆွေးနွေးပြီးတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ဖြစ်စေချင်တယ်။ ဖြစ်ပေါ်နေတဲ့ ရေမည်းကိစ္စကို အစိုးရအနေနဲ့ အရပ်ဖက်အဖွဲ့ရယ်၊ ပညာရှင်ရယ် ပူးပေါင်းအဖြေရှာပြီးတော့မှ ပြည်သူအတွက် အကျိုးရှိတဲ့ အလုပ်ကိုလုပ်စေချင်တယ်” ဟု ပူးပေါင်းထုတ်ပြန်ချက် ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ကရင်ရေးရာကော်မတီ(KAC) ၏ အတွင်းရေးမှူး စောကျော်စွာက ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ် ဖားအံမြို့နယ် ဒု-အုပ်ချုပ်ရေးမှူးက စောသာဘိုးကို ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် မတ်လ ၆ ရက်နေ့တွင် တရားလိုပြုလုပ် တိုင်ကြားခဲ့သလို ဖားအံမြို့ရှိ စောသာဘိုးနေအိမ်သို့ တရားရုံး ဆင့်ခေါ်စာနှင့်အတူ ရဲတပ်ဖွဲ့ဝင်အင်အားဖြင့် သွားရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
ယင်းမှာ မြိုင်ကလေးဘိလပ်မြေစက်ရုံ ကျောက်မီးသွေးလောင်စာအသုံးပြုမှု ဖျက်သိမ်းပေးရန် ဒေသခံများ၏ မေတ္တာပို့ဆုတောင်းပွဲ လွန်ခဲ့သော ဇန်နဝါရီလ ၁၇ ရက်က ပြုလုပ်ခဲ့သောကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလို ပြုလုပ်ခြင်းအားဖြင့် ကရင်ပြည်နယ်အစိုးရသည် အာဏာရှင်အစိုးရ ဆန်နေကြောင်း၊ အစိုးရနှင့် အရပ်ဖက်အဖွဲ့များအကြား ယုံကြည်မှု ပျက်ပြားရန် လုပ်ဆောင်နေကြောင်း၊ ပြည်သူ့အသံကို လျစ်လျူရှုပြီး ဒီမိုကရေစီလမ်းစဉ်နှင့်အညီ မှန်ကန်စွာ တုံ့ပြန်မှု မရှိကြောင်း၊ စောသာဘိုးအား ကိုင်တွယ်ဖြေရှင်းပုံတွင် ပြည်နယ်အစိုးရသာမက အာဏာရပါတီ(NLD)ပုံရိပ်ပါ ကျဆင်းလာနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ထုတ်ပြန်ချက် ကြေညာတောင်းဆိုလိုက်သည့် CSOs (၃၃)ဖွဲ့တွင် ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း၊ လူမှုရေးရာသုတေသန အဖွဲ့(RISE)၊ ကရင်လူ့ အခွင့်အရေးအဖွဲ့(KHRG)၊ ကရင်ရေးရာ ကော်မတီ(KAC)၊ ဖလုံပညာ တိုးတက်ဖွံ့ဖြိုးရေးယူနစ်(PEDU)၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်(KESAN) စသည့် လူမှုအဖွဲ့ အစည်းများလည်း ပါဝင်သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းက “စောသာဘိုးအပေါ်မှာ CSOတွေက အဲလို ကြေညာချက်ထုတ်လိုက်တဲ့အပေါ်မှာ ဒီနေ့ ကတ်ဘိနက်(ဝန်ကြီးအဖွဲ့အစည်းအဝေး) ရှိပါတယ်။ ဒါပြီးမှ အစိုးရအသံ ထွက်ပေါ်လာမှာပါ” ဟု ကေအိုင်စီသို့ မတ် ၁၈ တွင် ပြောသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)တွင် "နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို လည်းကောင်း၊ အများ =ပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်" ဟူ၍ ပြဌာန်းထားသည်။
စောသာဘိုး တရားစွဲဆိုခံထားရခြင်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းသည့်အဖွဲ့ ၊ လူ့အခွင့်အရေးအဖွဲ့၊ အမျိုးသမီးအဖွဲ့များနှင့် အခြား အရပ်ဖက်အဖွဲ့များအပါအဝင် အဖွဲ့ပေါင်း ၃၀၀ ကျော်က တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ အစုအဖွဲ့ဖြင့်သော်လည်းကောင်း မတ်လ ၁၀ ရက်မတိုင်မီထိ သဘောထားအသီးသီး ထုတ်ပြန်ခဲ့ကြပြီးလည်း ဖြစ်သည်။
စောသာဘိုးသည် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်စေရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို မြစ်ချောင်းအရေး၊ သဘာဝပတ်ဝန်းကျင်အရေးအပြင် ကရင်ပြည်နယ်အတွင်း ကျောက်မီးသွေးလောင်စာ အသုံးပြု လျှပ်စစ်စွမ်းအင်ထုတ်လုပ် လည်ပတ်ခြင်း ကန့်ကွက်မှု စသည့် လှုပ်ရှားမှုများကို ဒေသခံပြည်သူနှင့်အတူ လုပ်ဆောင်ပေးသူ တစ်ဦးလည်း ဖြစ်သည်။
ဖားအံမြို့ တရားရုံးတွင် မတ်လ ၁၀ ရက်က အမှု ကြားနာစစ်ဆေးရန် ချိန်းဆိုထားသော်လည်း စောသာဘိုးမှာ တရားရုံးသို့ လာရောက်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။







