ငါးဖမ်းလောင်းကစားဂိမ်း နှစ်ခု ဖမ်းဆီး

ငါးဖမ်းလောင်းကစားဂိမ်း နှစ်ခု ဖမ်းဆီး

မြဝတီမြို့ အမှတ်(၄)ရပ်ကွက်နေ အေးအေးမူ၏ နေအိမ်ခြံဝင်းအတွင်း၌ ငါးဖမ်းလောင်းကစားဂိမ်းပြုလုပ်နေကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်း တာဝန်ရှိသူများမှ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေစဉ် အေးအေးမူနှင့် ဂိမ်းရုံတာဝန်ခံ အားဝေ(ခ)ထွန်းလင်း(စိစစ်ဆဲ)တို့ ၂ ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဂိမ်းရုံအလုပ်သမား အေးအေးလွင် (၃၃)နှစ်နှင့် နောက်အမျိုးသမီး တစ်ဦးကိုလည်းကောင်း၊ ဂိမ်းလောင်းကစားသူ စိုးဝင်းသန်းကိုလည်းကောင်း ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်းတို့ သုံးဦးနှင့်အတူ ငါးဖမ်းလောင်းကစား ဂိမ်းစက် ၅ လုံး၊ ဆက်စပ်ပစ္စည်းများ၊ ငွေ ၅၀၃,၅၀၀ ကျပ်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စိုးဝင်းသန်း (၄၂)နှစ် အပါ အဝင် ၃ ဦးနှင့် ဖမ်းမမိသေးသည့် အေးအေးမူ(၄၂)နှစ်ပါ ၂ ဦးတို့ကို မြဝတီမြို့မရဲစခန်း(ပ)၉၅၃/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ အဆိုပါရပ်ကွက်နေ စိုင်းအောင်မြင့်ထွန်း(ခ)သာချမ်း၏ နေအိမ်ကိုလည်း မြဝတီခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ ဝင်ရောက်ရှာဖွေရာ ၎င်းအပါအဝင် ပိုင်ရှင်/ အလုပ်သမား ၃ ဦး (ကျား ၁၊ မ ၂)နှင့် ဂိမ်းလောင်းကစားသူ စောကျော်ပိမိုး(၃၁)နှစ်ပါ အမျိုးသား ၆ ဦးတို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းတို့နှင့်အတူ ငါးဖမ်းလောင်းကစားဂိမ်းစက် ၃ လုံး၊ ဆက်စပ်ပစ္စည်းများ၊ ငွေ ၆၃၉,၀၀၀ ကျပ်ကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းအောင်မြင့်ထွန်း(ခ)သာချမ်း(၂၈)နှစ် အပါအဝင် ၉ ဦးကို မြဝတီမြို့မရဲစခန်း(ပ)၉၅၄/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။