တိုးချဲ့ကျင်းပလာနိုင်သော ကရင်ပြည်နယ်က ရွေးကောက်ပွဲနယ်မြေများ

တိုးချဲ့ကျင်းပလာနိုင်သော ကရင်ပြည်နယ်က ရွေးကောက်ပွဲနယ်မြေများ
by -
စောထွန်းလင်း (KIC)

ကရင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမကျင်းပတော့သည့် ကျေးရွာအုပ်စုများစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါ စာရင်းအရ ကရင်ပြည်နယ်တွင် မြို့နယ်ခုနစ်မြို့နယ်ရှိသည့်အနက် မြို့နယ်ခြောက်မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ကရင်ပြည်နယ် မြို့နယ်ခုနစ်မြို့နယ်တွင် ကျေးရွာအုပ်စု ၉၄ အုပ်စုရှိခဲ့သည့်အတွက် ယခု ၄၁ အုပ်စု တိုး၍ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

ယခုလို ၂၀၁၅ ထက်ရွေးကောက်ပွဲ ပိုမိုကျင်းပနိုင်ခြင်းသည် ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ထားရှိလာနိုင်ပြီး ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်နိုင်မှုများကြောင့် ဖြစ်ကြောင်း ကရင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ ဥက္ကဌ ဦးကျော်ဝင်းမောင်က အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။

“ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းလာနိုင်တဲ့ အပေါ်မှာ ကျနော်တို့ကလည်း အုပ်ချုပ်ရေးမှူးရှိတဲ့ ရွာတိုင်းမှာ ကော်မရှင်အဖွဲ့ခွဲတွေ ဖွဲ့စည်းလာနိုင်တယ်။ ဖွဲ့ပြီးတော့မှ ရွေးကောက်ပွဲအတွက် မဲစာရင်းရဖို့ ပြင်ဆင်ကောက်ယူတာတွေလုပ်ခဲ့ကြတယ်။ လုပ်ခဲ့ကြလို့ မဲစာရင်းတွေရလာတယ်။ ပြီးတော့ မဲရုံတွေလျာထားပေးတယ်။ မဲရုံတွေ ဖွင့်လှစ်နိုင်ခဲ့လို့ ဒါတိုးပြီးတော့မှ ရွေးကောက်ပွဲ လုပ်နိုင်တဲ့နေရာတွေ တိုးလာခြင်း ဖြစ်ပါတယ်” ဟု ပြည်နယ်ကော်မရှင်ဥက္ကဌကပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကရင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာများစာရင်း၌ ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့နယ်တွင် ပျဉ်းမပင်ကျေးရွာအုပ်စု ပါဝင်ပြီး၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အဆိုပါကျေးရွာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသလို ယင်းကျေးရွာသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ ဖားအံမြို့နယ်၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိခြင်း ကြောင့် ဖြစ်သည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စု ခုနစ် စု၊ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ စု တို့ သည်လည်း ၂၀၁၅ တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းမရှိသည့်အတွက် အပြောင်းအလဲမရှိကြောင်း တွေ့ရသည်။

မြဝတီမြိုနယ်တွင်မူ ၂၀၁၅ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် တာအုပ်ကျေးရွာအုပ်စု၊ မိဖား၊သေဘေားဘိုး ကျေးရွာအုပ်စုနှင့် မဲကုလားဆုံဆည်းမြိုင် ကျေးရွာအုပ်စု စသည့်တို့တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်သည်။

“အခုလို ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲတိုးပြီး ကျင်းပလာတာကို ကြိုဆိုတယ်။ မကျင်းပပဲ ကျန်ခဲ့တဲ့ ကျေးရွာ အုပ်စု ၅၃ အုပ်စုအတွက်လည်း စိတ်မကောင်းဘူး။ ပါတီရဲ့ သဘောထားကတော့ ပြည်သူတွေ အားလုံးမဲ ပေးခွင့်ရ စေချင်တယ်” ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။

ထို့အပြင် သံတောင်ကြီးမြို့နယ်တွင်လည်း ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စု ကိုးအုပ်စု ရှိသော်လည်း လာမည့် ရွေးကောက်ပွဲတွင် ရှစ်အုပ်စု သာကျန်ရှိပြီး ချောင်းမငယ်ကျေးရွာအုပ်စုတွင်မူ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။ သို့သော်ဒေသခံများအနေဖြင့် အနီးနားရှိ ကျေးရွာများမှ မဲရုံများတွင်လည်း မဲ သွားပေး ရမည့် သဘောရှိသည်ဟု ဒေသခံများထံမှ သိရသည်။

လှိုင်းဘွဲ့မြို့နယ်တွင်မူ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာ အုပ်စု ၈ အုပ်စုရှိခဲ့ပြီး ယခုလာ မည့် ရွေးကောက်ပွဲတွင်မူ အဆိုပါကျေးရွာအုပ်စု ၈ အုပ်စုလုံး၌ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ လှိုင်းဘွဲ့မြို့နယ်တွင် ကေအဲန်ယူ၊ ဌာနချုပ်တည်ရှိပြီး ယခုလို ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမှာ ထူးခြားသည်ဟု ဆိုနိုင်သည်။ 

“ကေအဲန်ယူကတော့ နယ်မြေအခြေအနေပေါ်မှုတည်ပြီးတော့ ခွင့်ပြုပေးတဲ့သဘောလို့ မြင်တယ်။ ဥပမ-ဖာပွန် ဆိုလုံးဝ အဝင်မခံတဲ့ သဘောရှိတယ်။ လှိုင်းဘွဲ့မှာတော့ ကေအဲန်ယူထိန်းချုပ်တဲ့ဒေသက ပြည်သူတွေကို အနီးနား မှာရှိတဲ့ ရွာတွေကမဲရုံမှာ မဲပေးခွင့် ပြုထားတယ်။ ဒါကြောင့် လှိုင်းဘွဲ့မှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့နေရာမရှိ တော့တာလို့ မြင်ပါတယ်” ဟု ဒေသတွင်း ကေအဲန်ယူနှင့်နီးစပ်သူတဦးက သုံးသတ်ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင်မူ ၂၀၁၅ တွင် ရွေးကောက်ပွဲမကျင်းပသည့် ကျေးရွာအုပ်စု ၃၈ အုပ်စုထိ ရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကျေးရွာအုပ်စု ၉ အုပ်စုသာ မကျင်းပနိုင်ပဲကျန်ခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် ကြာအင်းဆိပ်ကြီးတွင် ရွေးကောက်ပွဲ ကျင်းပမည့် ကျေးရွာအုပ်စု ၂၉ အုပ်စုထိ တိုးလာခဲ့သည်။

ယခုလို ကြာအင်းဆိပ်ကြီးတွင် ကျေးရွာအုပ်စု ၂၉ အုပ်စုထိ တိုးလားခြင်းသည် ဒေသတွင်းရှိ ကေအဲန်ယူ၊ ဒူးပလာယာ ခရိုင်၊ တပ်မဟာ ၆ က ဒေသတွင်း ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် ညှိနှိုင်းစီစဉ်ခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း ဒေသခံများက ကေအိုင်စီသို့ပြောသည်။

“ကျနော်တို့ဘက်မှာက ကေအဲန်ယူအုပ်ချုပ်ရေးမှူးတွေပဲ များတယ်။ အစိုးရအုပ်ချုပ်ရေးမှူး မရှိသလောက်ပဲ။ ဒါပေမဲ့ ကေအဲန်ယူလည်းပဲ  ရပ်ရေးရွာရေး ပညာရေး၊ ကျမ်းမာရေး ကျတော့ အစိုးရနဲ့လက်တွဲရတယ်။ အခုရွေး ကောက်ပွဲမှာလည်း ဒေသခံတွေ မဲထည့်လို့ရအောင် ကေအဲန်ယူက နာလည်းမှုပေးထားတယ်လို့ နားလည်ရမှာပေါ့နော်” ကြားအင်းဆိပ်ကြီး၊ ဝင်းရော်ဒေသရှိ ဖော့ကော့ကေစာပေဌာန တာဝန်ခံ ဆရာစောယောင့်သာအဲဆန်ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ဘက် ရှိ ကျေးရွာအုပ်စု အားလုံးတွင် ရွေးကောက်ပွဲ မဲထည့်ခွင့်ရမည် ဖြစ်သလို ဖားပြရွာရှိ မဲရုံတွင် ထိန်းချုပ်နယ်မြေမှ ပြည်သူများ မဲပေးနိုင်ရန် စီစဉ်ထားပြီး ကြာအင်းဆိပ်ကြီး ဝင်းရော်ဒေသတလျှောက် မဲရုံမရှိသည့် ရွာများက မဲရုံရှိ သည့် ရွာများတွင်မဲလာပေးရန် စီစဉ်ထားသည်ကိုတွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။  

ကြားအင်းဆိပ်ကြီးတွင် ရွေးကောက်ပွဲမကျင်းပသည့် ကျေးရွာအုပ်စု ၉ အုပ်စုမှာ  မဲဆန္ဒနယ်အမှတ် ၁ ဘက်တွင် ရှိကာ အဆိုပါရွာများသည် ကရင်တို့သာနေထိုင်သည့်အတွက် ကရင်ပါတီများ အထိနာမည့်သဘော တွေ့ရကာ မဲပေးခွင့်ရအောင် ညှိနှိုင်း စီစဉ်ပေးခြင်းမရှိခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု  ကေအိုင်စီ၏ ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပတဲ့ နေရာတွေတိုးလာတဲ့အတွက် ကေအဲန်ယူရဲ့အုပ်ချုပ်ရေး ကျဆင်းသွားတာတော့ မဟုတ်ဘူး။ မဆိုင်ဘူး၊ ညှိနှိုင်းလုပ်ဆောင်ကြလို့ပါ” ဆရာစောယောင့်သာအဲဆန်က မှတ်ချက်ပြုပြောသည်။

ဆိုရလျှင် ကရင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်သူများပိုမိုပါဝင်ခွင့်ရရှိလာခြင်းသည် အဖွဲ့အစည်းများအကြား ပူးပေါင်းမှု၊ မပြန်အလှန်နားလည်မှုများရှိလာသည့်နည်းတူ နိုင်ငံရေးဘောင်များ တိုးချဲ့လာနိုင်ခြင်းပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

June 25, 2021
The junta has removed the most of teachers who joined the Civil Disobedience Movement (CDM)...
March 17, 2021
For some, the nightmare has returned, but for ethnic people, the nightmare never stopped But...
January 11, 2021
Hpakant Township which produces the world famous jade stones is facing a massive web of chronic...
December 10, 2020
The dream of over one million people to exercise their democratic rights and have their votes...