ကျူရှင်ဆရာဘဝမှ လူနည်းစုတိုင်းရင်းများအတွက် နိုင်ငံရေးထဲ ခြေဆုံပစ်ဝင်ရောက်ခဲ့သည့် ကနန်းလူငယ်

ကျူရှင်ဆရာဘဝမှ လူနည်းစုတိုင်းရင်းများအတွက် နိုင်ငံရေးထဲ ခြေဆုံပစ်ဝင်ရောက်ခဲ့သည့် ကနန်းလူငယ်
by -
Sai Si Khan (Shan Ni)

ကိုစိန်လွင်အနေဖြင့် ဝါသနာပါတဲ့ ကလေးတွေကိုစာသင်ရတဲ့အလုပ်နှင့် ပရဟိတအလုပ်တွေကို ခဏဘေးချ၍ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တသီပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်ရန် အကြောင်းတရားက ရှိလာတော့သည်။

ကိုစိန်လွင်ကို ၁၉၉၄ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် ဗန်းမောက်မြို့နယ် ကနန်းဒေသ နန်းဇားအုပ်စု နန်းဇားရွာတောင်ပိုင်းရပ်ကွက်၌ မွေးဖွားခဲ့သည်။

သူ ၂၀၁၉ ခုနှစ်တွင် ရွှေဘိုတက္ကသိုလ်မှ B.A (မြန်မာ) ဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက်ပိုင်း ဝါသနာပါသော စာသင်သည့်အလုပ် လုပ်ကိုင်ရန် ကျူရှင်ကျောင်းဆရာဘဝကို ရွေးချယ်ခဲ့သည်။ ထို့နောက် ကနန်းဒေသဖွံ့ဖြိုးရေး ကော်မတီလူကြီးများ၏ တာဝန်ပေးမှုအရ ရိုးရာပွဲတော်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း၊ ဒေသကိုယ်စားပြုပျော်ဖြေရေးပွဲ တွေ့ဆုံပွဲများသို့ တက်ရောက်ဆွေးနွေးခြင်းနှင့် ကနန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်အဖြစ် နွေရာသီကျောင်းပိတ်ရက်များတွင် ဓမ္မစကူးလ်ဆရာ/ဆရာမများနှင့်လက်တွဲကာ သင်တန်းပို့ချခြင်း၊ ပညာရေးမြှင့်တင်နိုင်ရန် တက္ကသိုလ်ဝင်တန်းအောင်နှင့် ဘွဲ့ရပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ပညာသဟာယအသင်း၌ စည်းရုံးရေးမှူးတာဝန်နှင့် ပရဟိတလူမှုကူညီရေးအသင်း (နန်းဇား) တွင် အတွင်းရေးမှူးတာဝန်၊ ယာဉ်မောင်းတာဝန်များကို လုပ်ကိုင်ခဲ့သည်။

"ကျွန်တော်က စာသင်နေတယ် စာသင်တာကိုဝါသနာပါတယ်။ တစ်ခါကတော့ နိုင်ငံရေးပါတီတစ်ခုက စည်းရုံးရေးမှုးလုပ်ဖို့ ကမ်းလှမ်းလာတာတော့ရှိပါတယ်။ ကျွန်တော်စိတ်မ၀င်စားဘူး။ သို့ပေမယ့် ကိုယ့်လူမျိုးဖွံ့ဖြိုးတိုးတက်မှုကိုတော့ ဘယ်သူမဆို လိုလားတာကြီးပါပဲဆိုတော့ အခု ကျွန်တော်တို့ တစ်သီးပုဂ္ဂလအဖြစ် ၀င်ပြိုင်ဖြစ်တယ်ဆိုတာလဲ ကိုယ်တစ်ယောက်တည်းရဲ့ ခံစားချက်နဲ့မဟုတ်ပါဘူး။ ကျွန်တော်တို့ ကနန်းဒေသမှာရှိတဲ့ လူတွေရော ကဒူးဒေသမှာရှိတဲ့သူတွေရော ရှမ်းနီဒေသမှာရှိတဲ့လူတွေရော ဒီလူကြီးတွေနဲ့ ပေါင်းဆုံပြီးတော့ ဒေသဖွံ့ဖြိုးမှုအတွက် လူမျိုးဖွံ့ဖြိုးမှုအတွက် အတက်နိုင်ဆုံး တိုင်းရင်းသားအခွင့်အရေးတွေရရှိဖို့အတွက်က ဒီလိုဒီလိုတွေလုပ်မှ အစဉ်ပြေနိုင်မယ့်အတွက်ကြောင့်။ နိုင်ငံရေးထဲဝင်ဖို့ ၂၀၁၈ ခုနှစ်ကနေပြီးတော့ စပြီးအခြေတည်ခဲ့တယ်" ဟု ၄င်းကပြောသည်။

ကဒူး၊ ကနန်း၊ ရှမ်းနီ တိုင်းရင်းသားတများတွင် ရှမ်းနီအနေဖြင့် နိုင်ငံရေးပါတီတွေထူထောင်နိုင်သော်လည်း ကဒူးနဲ့ ကနန်း တိုင်းရင်းသားတွေကတော့ နိုင်ငံရေးပါတီ ထူထောင်နိုင်ခြင်းမရှိသေးပေ။ လုံး၀မထူထောင်ဖူးခဲ့ခြင်းတော့မဟုတ်။ ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် Farmer, Gadu, Ganan and Shan National Unity DemocraticHeadquarters (Bamauk Myo) အမည်ဖြင့် ကဒူး၊ ကနန်း၊ ရှမ်းနီတိုင်းရင်းသားများ ပူးပေါင်းပြီး နိုင်ငံရေးလုပ်ခဲ့ဖူးသော်လည်း ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် ရှမ်းနီတစ်မျိုးတည်းသာ နိုင်ငံရေးပါတီထူထောင်ကာ နိုင်ငံရေးလောကထဲမှာ ဆက်လက်တွေ့မြင်ရတော့သည်။

ကနန်းတိုင်းရင်းသား ကိုစိန်လွင်၏ နိုင်ငံရေးရည်မှန်းချက်က ရှင်းသည်။ တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိရေးဖြစ်သည်။

ရွေးကောက်ပွဲရည်းမှန်းချက်နှင့်ပတ်သက်၍ ကိုစိန်လွင်က "အပြည့်အ၀ အများကြီးမမျှော်လင့်ပါဘူး။ လျှပ်စစ်မီးထိန်ထိန်လင်းရမယ်တို့၊ ဘာတို့ ကျွန်တော်တို့ မမျှော်လင့်ဘူး။ ဒါပေမယ့် အတက်နိုင်ဆုံးတော့ ကျွန်တော်တို့ ဒီဗန်မောက်မြို့နယ်ထဲမှာ လမ်းပမ်းဆက်သွယ်ရေးကောင်းချင်တယ်။ ကျွန်တော်တို့က ဘယ်ပါတီအစိုးရတက်တက် အပြည့်အ၀ကြီး ကြီးကြီးမားမား မတောင်းဆိုလိုပါဘူး။ တစ်ဖြည်းဖြည်းခြင်း တစ်နှစ်တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အပြည့်အ၀ရချင်ပါတယ်" လို့ ကိုစိန်လွင်ကပြောသည်။

ကနန်းတိုင်းရင်းသားများသည် ဗန်းမောက်မြို့နယ်ရှိ ရွာပေါင်း ၂၄ ရွာတွင် လူဦးရေ နှစ်သောင်းကျော်သာရှိသည့် လူနည်းစု တိုင်းရင်းသားဖြစ်သည်။

၎င်းတို့တွင် ရှမ်းနီတိုင်းရင်းသားတွေနည်းတူ လူမျိုးကြီးများ၏ ဝါးမျိုမှုကိုခံနေရပြီး ဗန်းမောက်နယ် ကနန်းဒေသတွင်နေထိုင်သည့် ကနန်းတိုင်းရင်းသားများကို မှတ်ပုံတင်တွင် ကနန်း/ဗုဒ္ဓဟု ထည့်သွင်းထားသော်လည်း ကနန်းဒေသမှထွက်သွားသည့် ကနန်းတိုင်းရင်းသာများကို ဗမာ/ဗုဒ္ဓအဖြစ် ထည့်သွင်းခံထားရသည်ဟု ဆိုသည်။

မှတ်ပုံတင်ကိစ္စနှင့်ပတ်သက်၍ ကိုစိန်လွင်က "ကျွန်တော်တို့ ဒီကနန်းဒေသကသူတွေကတော့ ကနန်း/ဗုဒ္ဓဆိုပြီး မှတ်ပုံတင်မှာ ရေးခွင့်ရပေမယ့် ကျွန်တော်တို့ ကနန်းဒေသကနေပြီးတော့ တစ်နယ်ကို သွားရောက်အခြချနေထိုင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သွားရောက်ပြောင်းရွေ့နေထိုင်တာပဲဖြစ်ဖြစ် အိမ်ထောင်ရပ်သားကျသွားတာပဲဖြစ်ဖြစ် ဒီလိုလူမျိုးကျတော့ ကျွန်တော်တို့အတွက် တအားနစ်နာပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့မှတ်ပုံတင်မှာ အဖေကလဲကနန်း အမေကလဲကနန်း အဖိုးလဲကနန်း အဖွားလဲကနန်းဖြစ်နေပါလျက်နဲ့ သားတွေသမီးတွေမှာ ဗမာ/ဗုဒ္ဓဆိုတဲ့ ထည့်သွင်းခြင်းခံရတာမျိုးတွေ ရှိပါတယ်ခင်ဗျ။ ဒါတွေကိုလည်း ကျွန်တော်တို့အတက်နိုင်ဆုံး တောင်းဆိုကြတယ်။ ဒါတွေကို ဖြစ်ချင်ဘူး။ ကျွန်တော်တို့ ကနန်းဆိုရင် ကနန်းပြန်လိုချင်တယ်။ ကနန်းပြန်ဖြစ်ချင်တယ်။ မှတ်ပုံတင်ထဲမှာ ကနန်း/ဗုဒ္ဓ ပြန်ထည့်ချင်တယ် ဆိုတဲ့ပုံစံမျိုးပေါ့ အတက်နိုင်ဆုံး ကျွန်တော်တို့ကြိုးစားခဲ့တယ် ဒါပေမယ့်အဆင်မပြေခဲ့ဘူး" ဟု ပြောသည်။

ကိုစိန်လွင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပါက ကနန်းဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားစိုက်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

“သူဘာတွေ လုပ်နိုင်မလဲ၊ သူဘာတွေ ကတိက၀တ်ပေးနိုင်မလဲဆိုတာကိုတော့ ကျွန်တော်တို့ပြည်သူတွေအတွက် အာမခံနိုင်တာတစ်ခုကတော့ ကျွန်တော်တက်နိုင်တဲ့ဘက်ကနေ တို့၀င်နေပြီဆိုကတည်းက ကျွန်တော်တို့ လိုချင်အရာတစ်ခုဖြစ်တဲ့ ဒီလမ်းပမ်းတက်သွယ်ရေးကို ကျတော့ အတက်နိုင်ဆုံးကောင်းအောင် ဆောင်ရွက်သွားမယ်။ ဗမာ/ဗုဒ္ဓအဖြစ် မှတ်ပုံတင်မှာ ထည့်သွင်းခံရသူတွေအတွက် အခုလုပ်နေတဲ့ နိုင်ငံရေးနဲ့ ဖြေရှင်းလို့ရမယ်အရာထဲမှာ ဒီဟာလဲပါ၀င်ပါတယ်။ အတက်နိုင်ဆုံး အစီအစဉ်ချထားပါတယ်။ ကျွန်တော်တို့ ကြိုးစားသွားမယ်" ဟု ၎င်းက ကတိပြုခဲ့သည်။

သို့သော် ၎င်းအနေဖြင့် နိုင်ငံရေးနယ်ပယ်တွင် အတွေ့အကြုံနည်ပါးသေးသော်လည်း နိုင်ငံရေးလမ်းကြောင်းပေါ် နောက်မဆုတ်တန်းလျှောက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပြီး နိုင်ငံရေးနှင့် ထိတွေ့မှုမရှိသည့် ကနန်းမျိုးဆက်သစ်များအတွက် ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ်ပါ မျှော်မှန်းထားသည်။

"ကျွန်တော်တို့ ကနန်းတွေဆိုတာက ကဒူး၊ ကနန်း အားလုံးပါတယ်။ ကျွန်တော်တို့ကို ဘယ်လိုထင်လဲဆိုတော့ နိုင်ငံရေးအတွေ့အကြုံမရှိဘူး။ အစစအရာရာ နောက်ကျတယ်။ ကျွန်တော်တို့ နိုင်ငံရေးအတွေ့အကြု နည်းပါတယ်။ ဒါကို ၀န်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခုမှ ခြေလှမ်းစလှမ်းထားတာပါ။ ကျွန်တော်တို့လှမ်းတယ်။ အတက်နိုင်ဆုံး ကျွန်တော်တို့ပူးပေါင်းမယ်။ အတက်နိုင်ဆုံး ကျွန်တော်တို့ လေ့လာမယ်။ လိုက်စားမယ်။ ကျွန်တော်တို့ လဲကျမှာကြောက်နေလို့ရှိရင် လမ်းတောင်လျှောက်တက်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ နိုင်ငံရေးအတွေ့အကြုံမရှိဘူး။ အစစအရာရာ နောက်ကျတယ်ဆိုတာ ကျွန်တော်တို့မှာ ခြေလျှမ်းစမလှမ်းသရွေ့ ထိုင်နေသရွေ့ကတော့ ဘယ်တော့မှ အတွေ့အကြုံရင့်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့မျှော်လင့်ချက်က အခုကျွန်တော်တို့ လျှောက်လှမ်းတဲ့ လမ်းဆိုတာက အောင်မြင်ချင်အောင်မြင်မယ်။ ရှုံးချင်ရှုံးမယ်။ သို့ပေမယ့် ကျွန်တော်တို့မှာ ပြိုင်ပွဲတစ်ခု ပြိုင်လိုက်ပြီဆိုကတည်းက အရှုံးနဲ့အနိုင် နှစ်မျိုးတည်းရှိတယ်။ ရှုံးရင်လည်း ခံနိုင်ဖို့လိုတယ။ အနိုင်ကိုလည်း ခံနိုင်ရည်ရှိဖို့လိုတယ်။ အရှုံးကိုလဲ လက်ခံတက်ဖို့လိုတယ်ပေါ့။ အဲတာကြောင့်မို့ ကျွန်တော်တို့က ရှုံးသွားခဲ့ရင်သည်ရှိရင်တောင် ကျွန်တော်တို့မှာ အတွေ့အကြုံတွေရမယ်။ အရှုံးထဲကအမြတ်ယူဖို့ ပြင်ဆင်ထားပြီးသားပါ။ ရှုံးသွားရင် ကျွန်တော်တို့ လူငယ်တွေ အတွေ့အကြုံရမယ်။ ကျွန်တော်တို့ အခြလှမ်းတစ်လှမ်း ဒီနေ့လှမ်းထားတဲ့ ခြေလှမ်းဟာ မနတ်ဖြန် ပြန်လှမ်းစရာမလိုတော့ဘူး။ ကျွန်တော်တို့က ယုံကြည်တယ်။ ကျွန်တော်တို့ မလှမ်းဘူးဆိုရင် ကျွန်တော်တို့နောက်ကျပြီး လိုသေးတယ် စောသေးတယ်နဲ့ နေခဲ့ကြမယ်ဆိုရင် နောက်မျိုးဆက်တိုင်အောင် ကျွန်တော်တို့ ကျန်ခဲ့အုံးမှာပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပထမဆုံးခြေလှမ်း လှမ်းထားတယ်။ လှမ်းလိုက်တဲ့ခြေလှမ်း ကျွန်တော်တို့ ပြုလိုက်တဲ့လှေကားဟာဆိုရင် နောင်ကျွန်တော်တို့ရဲ့ မျိုးဆက်တွေအတွက် သူတို့ ထစ်စရာမလိုပဲ အလွယ်တကူ နင်းလို့ တက်လို့ ရသွားနိုင်တယ်။ ဒါ ကျွန်တော့ရင်ထဲမှာရှိတဲ့ ခံစားချက်ပေါ့လေနော်" ဟု ကိုစိန်လွင်ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံရဲ့၏ရွေးကောက်ပွဲများတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် ပါတီကြီးများကိုကျော်လွန်၍ အောင်နိုင်ရန် မလွယ်ကူသလို တိုင်းရင်းသားကိုယ်စားပြုတည်ထောင်ထားသည့် ပါတီများနှင့်ပင် ယှဉ်ပြိုင်အနိုင်ရရန် ခက်ခဲလျက်ရှိသည်။

ထို့ကြေင့် ကနန်းတိုင်းရင်းသား တစ်သီးပုဂ္ဂလ လူငယ်လွှတ်တော်ကိုယ်စားလောင်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အောင်ပန်းဆင်ပြီး မိမိဒေသ မိမိလူမျိုးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်မည်လားဆိုသည်မှာ လာမည့်နိုဝင်ဘာ ၈ ရက်တွင် သိရမည်ဖြစ်သည်။

June 25, 2021
The junta has removed the most of teachers who joined the Civil Disobedience Movement (CDM)...
March 17, 2021
For some, the nightmare has returned, but for ethnic people, the nightmare never stopped But...
January 11, 2021
Hpakant Township which produces the world famous jade stones is facing a massive web of chronic...
December 10, 2020
The dream of over one million people to exercise their democratic rights and have their votes...