ဝန်ကြီးချုပ်နှုတ်မိန့်ဖြင့်ညွှန်ကြားခဲ့သော ကျေးရွာပိုင်လှေဒေါက်ကျင်း အမြန်ဖော်ဆောင်ပေးရန် ဇီးဖြူသောင်ဒေသခံများ ဆန္ဒဖော်ထုတ်

ဝန်ကြီးချုပ်နှုတ်မိန့်ဖြင့်ညွှန်ကြားခဲ့သော ကျေးရွာပိုင်လှေဒေါက်ကျင်း အမြန်ဖော်ဆောင်ပေးရန် ဇီးဖြူသောင်ဒေသခံများ ဆန္ဒဖော်ထုတ်

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာရှိ လှေဒေါက်ကျင်းမြေနေရာမှ ကျူးကျော်သူများကို ဖယ်ရှားပြီး ကျေးရွာပိုင်အဖြစ် ပြန်ပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်နှုတ်မိန့်ဖြင့်ညွှန်ကြားခဲ့သော်လည်း အကောင်ထည်မဖော်သေးသဖြင့် ဇီးဖြူသောင်ဒေသခံများက ဇွန်လ ၆ ရက်နေ့နံနက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ဝန်ကြီးချုပ်က ကျွန်တော်တို့ကျေးရွာကို ၂၆ ရက်နေ့ ၄ လပိုင်း ၂၀၁၉ မှာ ရောက်ရှိလာပါတယ်။ ကျွန်တော်တို့ ရပ်မိရပ်ဖတွေအရှေ့မှာ ရေလုပ်ငန်းရှင်တွေရှေ့မှာ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းပါပါတယ် ဌာနဆိုင်ရာအသီးသီးရှေ့မှာပဲ နှုတ်မိန့်နဲ့ ဒီမြေဟာ အစိုးရမြေဖြစ်တယ် ဒီကျူးကျော်တွေကို အမြန်ဖျက်သိမ်းလိုက်ဆိုပြီး နယ်လုံဝန်ကြီးကို ဘူဒိုဇာရှိရင် ဘူဒိုဇာနဲ့ ထိုးဖြိုလိုက်ဆိုပြီး နှုတ်မိန့်နဲ့ ပြောဆိုခဲ့ပါတယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးမျိုးဇော်ဦးက ပြောသည်။

ဧရိယာ ၂ ဒဿမ ၆၄ ဧကရှိသော အဆိုပါလှေဒေါက်ကျင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ခန့်ကတည်းက လှေပြုပြင်တည်ဆောက်ရာတွင် အသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် လူတစ်စုက ဘိုးဘွားပိုင်မြေဟုဆိုကာ လာရောက်ကျူးကျော်မှုရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ယခင်ဝန်ကြီးချုပ်ဦးမင်းမင်းဦးအပါအဝင် သက်ဆိုင်ရာဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်သို့ အကြိမ်ကြိမ် စာပေးပို့တောင်းဆိုခဲ့သလို နောက်ဆုံးအကြိမ်တွင် ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံသို့ ဆက်လက်တောင်းဆိုခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“အရင်ကတော့ ဘယ်သူမှလည်း ပိုင်ဆိုင်ကြောင်းတို့ လာလုတာတို့ ဘာမှမရှိပါဘူး။ မရှိတော့ ကျွန်တော်တို့ လုပ်ငန်းလုပ်တာ အားလုံးအဆင်ပြေပါတယ်။ အခု ခြံစည်းရိုးတွေလည်း ခတ်ထားတယ်။ မြေနီတွေလည်းဖို့ထားတယ်။ တဲလည်းပြောလို့ရသလို အိမ်လည်းပြောလို့ရတယ် ဒီဟာတွေလည်း ဆောက်ထားတယ်” ဟု ဦးမျိုးဇော်ဦးက ပြောသည်။

လွန်ခဲ့သော ၃ လခန့်မှစ၍ တဲများဆောက်လုပ်လာခဲ့ပြီး ယခုအခါငါးဖမ်းရာသီပိတ်သိမ်းချိန်ဖြစ်သည့်အတွက် လှေများပြုပြင်ရန်လိုအပ်ကြောင်း၊ အကယ်၍ လှေဒေါက်ကျင်းမရှိပါက ငါးလုပ်ငန်းတစ်ခုတည်းဖြင့် အသက်မွေးနေရသည့်အတွက် တစ်ရွာလုံး စားဝတ်နေရေးဒုက္ခရောက်ကြမည်ဟု ၎င်းကဆိုသည်။

အဆိုပါမြေနေရာသည် မြေလွတ်မြေလပ်မြေရိုင်းဖြစ်သည့်အတွက် ကျူးကျော်သူများဖြစ်သည့် ဦးဇော်မိုးကို မြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့်အညီ လွန်ခဲ့သော ၃ ပတ်ခန့်က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တရားစွဲဆိုခဲ့ပြီးနောက် ဒေါ်ခင်ရွှေကို လွန်ခဲ့သည့် ၂ ရက်က တရားစွဲထားပြီဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ဆိုသည်။

“ကျူးကျော်သူဖယ်ရှားရေး အရင်လုပ်မယ် လုပ်ပြီးမှ ကျွန်တော်တို့ ဒါကို ကျေးရွာပိုင်ဖြစ်ဖြစ် ဝန်ကြီးထံတင်ပြပြီးမှ ဆက်လုပ်သွားမှာပါ” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် ဇီးဖြူသောင်ကျေးရွာဒေသခံ ၃၀၀ ခန့်ပါဝင်ခဲ့ကြပြီး ကျေးရွာပိုင်လှေဒေါက်ကျင်း အမြန်ဖော်ဆောင်ပေးရေး၊ ကျူးကျော်သူများ အမြန်ဖယ်ရှားပေးရေး ကြွေးကြော်သံဖြင့် ရေးမြို့ဘူတာလမ်းဆုံမှ ဗိုလ်ချုပ်လမ်းအတိုင်း စီတန်းလှည့်လည်၍ ပြည်သူ့ရင်ပြင်အထိ ချီတက်ခဲ့ကြသည်။

Photo-ဇီးဖြူသောင်ဒေသခံများ၏ ဆန္ဒဖော်ထုတ်ပွဲ(MNA)

September 9, 2026
Conscripts forcibly recruited by the Myanmar military junta are being used extensively on the...
September 8, 2026
A 10-year-old child was killed and his mother injured when Myanmar military junta forces shelled...
September 8, 2026
Myanmar military junta forces have arrested a married couple in Mon State’s Thanbyuzayat...
September 8, 2026
A 38-year-old woman was injured when an artillery shell fired by Myanmar military junta forces...